Thursday, August 8, 2019

“ရန်ကုန်က ဘန်ကောက်လိုဖြစ်နိုင်တာပေါ့” ဟု YRTA မှ ဒေါက်တာမောင်အောင် ပြော

“ရန်ကုန်က ဘန်ကောက်လိုဖြစ်နိုင်တာပေါ့” ဟု YRTA မှ ဒေါက်တာမောင်အောင် ပြော
ရန်ကုန်မြို့သည် မကြာမီကာလအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကဲ့သို့ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် မိုးပျံရထားလမ်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် မိုးပျံလမ်းများဆောင်ရွက်ရန် စီမံကိန်းများ ရေးဆွဲထားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်က ဘန်ကောက်လိုဖြစ်နိုင်တာပေါ့။ ဒီမှာဆိုရင် ဘန်ကောက်လိုမျိုး မိုးပျံလမ်းတွေလုပ်လို့ရမယ်။ အဲဒါကို ဆရာအခုလေ့လာနေတယ်။ ပြီးရင်တိုင်းအစိုးရအဖွဲ့ကို တင်ပြသွားမယ်။ ဒီအစိုးရလက်ထက်တော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဂျပန်နဲ့ ပြဿနာတက်ထားလို့။ ဘန်ကောက်လိုမဖြစ်နိုင်စရာမရှိဘူး။ ဖြစ်လာမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်မှာ တိုးတက်နေပြီး မြန်မာနိုင်ငံတွင်လည်း စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်ကို မိုးပျံလမ်းများအပါအဝင် သယ်ယူပို့ဆောင်ရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများလုပ်နေကြောင်း သိရသည်။
လက်ရှိတွင် လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်းပါရမီဘူတာအထိ ဆက်သွယ် ဖောက်လုပ်မည့် ရန်ကုန်မိုးပျံရထားလမ်းလုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဘီလျံကျော်ကုန်ကျမည်ဖြစ်ပြီး စီမံကိန်းတွင် ဘူတာရုံ ၁၃ ခု၊ ဘူတာရုံများ၌ ပါဝင်မည့် ဓာတ်လှေကား၊ လက်မှတ်ရုံ၊ စင်္ကြန်၊ နားနေဆောင်ဆောင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စုသက်နှင်း ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment