Wednesday, August 14, 2019

ခရီးသည်များအား ၀န်ဆောင်မှုကောင်းမွန်စွာပေးသည့် YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးမည်

ခရီးသည်များအား ၀န်ဆောင်မှုကောင်းမွန်စွာပေးသည့် YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးမည်
လက်ရှိကောက်ခံနေသည့်ယာဉ်စီးခနှုန်းထားမှာ လျော့နည်းနေသဖြင့် ခရီးသည်များအား ဝန်ဆောင်မှု ကောင်းမွန်စွာပေးသည့် YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားကို တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းပိုင်ရှင်များအနေဖြင့် ယာဉ်စီးခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးရန် YRTA သို့တင်ပြတောင်းဆိုထားကြောင်းလည်း သိရသည်။
“ လက်ရှိကောက်ခံနေတဲ့ယာဉ်စီးခကနည်းနေတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အများပြည်သူအဆင်ပြေနိုင်တဲ့ နှုန်းထားတစ်ခုကို သတ်မှတ်ပေးရမှာပဲ။ ပြီးတော့ ခရီးသည်တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရင် အဲဒီယာဉ်လိုင်းက ပြောစရာမလိုဘူး။ သူ့အလိုလို ယာဉ်စီးခက တိုးလာမှာ။ အဲဒီအတွက်လည်း ပြင်ဆင်နေတယ်။ ခရီးသည်တွေကို ဝန်ဆောင်မှုကောင်းကောင်းမပေးနိုင်ရင် ယာဉ်လိုင်းထဲက ထုတ်ပယ်သွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း၌ ပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ပြေးဆွဲနေပြီး ယင်းအနက် အများပိုင်ယာဉ်လိုင်းအဖြစ်မပြောင်းလဲရသေးသည့်ယာဉ်အစီးရေမှာ ၁၀၀၀ ကျော်ကျန်ရှိနေကြောင်း သိရသည်။
“ အစိုးရအနေနဲ့ ဒါကိုနောင်နှစ်ပေါင်းများစွာကူညီဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ ရေရှည်မှာ ခရီးသွားပြည်သူတွေအတွက် အစိုးရက မူဝါဒကောင်းတွေချမှတ်ပေး၊ YBS ကုမ္ပဏီတွေနဲ့ ခရီးသွားပြည်သူတွေ ပူးပေါင်းပြီး သွားရမယ့်အခြေအနေတစ်ရပ်မှာပဲရှိသေးတယ်။ ၂၀၁၉ ခုနှစ်ထဲရောက်နေပြီ။ ၂၀၁၉ ခုနှစ်ကုန်ပြီး ၂၀၂၀ ကတော့ ဒီယာဉ်လိုင်းတွေ ဒီယာဉ်စီးခနဲ့ရပ်တည်ဖို့ကတော့ ဒါဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ ငြင်းလို့မရနိုင်ဘူး”ဟု YBS ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အနေဖြင့်လည်း YPS ကတ်စနစ်ကို အောက်တိုဘာလတွင် စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်နေပြီး ယာဉ်စီးခကိုလည်း မိုင်နှုန်းအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

စုသက်နှင်း ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment