Friday, August 9, 2019

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အား ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သောဥယျာဉ် (Smoke Free Garden) အဖြစ် သတ်မှတ်ကာ စတင်ဖော်ဆောင်

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် တစ်နေရာကို တွေ့ရစဉ်
ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အား ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သောဥယျာဉ် (Smoke Free Garden) အဖြစ် သတ်မှတ်ခြင်းနှင့် အထိမ်းအမှတ် မော်ကွန်းတင် ကမ္ပည်းဖွင့်လှစ်ခြင်းကို သြဂုတ် ၇ ရက်က ပြုလုပ်ခဲ့ပြီး စတင် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သောမြို့ (Smoke Free City) အဖြစ် ဖော်ဆောင်လျက်ရှိသော ပြင်ဦးလွင်မြို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမျိုးသား ကန်တော်ကြီးဥယျာဉ်တွင် ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သောနေရာ တစ်ခုအဖြစ် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ထူးအုပ်စုကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဥယျာဉ်အတွင်း ဆေးလိပ်သောက်သုံးခွင့်ရှိသော သီးသန့်နေရာ သတ်မှတ်ထားမည် ဖြစ်ကာ ဥယျာဉ်အတွင်း ပညာပေး သတင်းအချက်အလက်ပိုစတာများနှင့် ဆေးလိပ်အန္တရာယ် သတိပေးစတစ်ကာများ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သောဥယျာဉ်အဖြစ် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ Htoo Zoo & Garden Business Unit/Deputy Managing Director  ဦးဝေမျိုးအောင်က “ဒီအစီအစဉ်ဟာ လာရောက်လည်ပတ်တဲ့  ပြည်တွင်းပြည်ပ ဧည့်သည်တွေအတွက် သမားရိုးကျ အပန်းဖြေဥယျာဉ်တစ်ခုထက် သာလွန်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အနေနဲ့ ပြင်ဦးလွင်ကို ဆေးလိပ်မီးခိုးငွေ့ ကင်းစင်သောမြို့အဖြစ် ဖော်ဆောင်နေတဲ့ နေရာမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
လက်ရှိတွင် အဆိုးရွားဆုံး ကျန်းမာရေးပြဿနာများအနက် တစ်ခု ပါဝင်နေသော ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်လှုံ့ဆော်မှု အစီအစဉ်အဖြစ် ယင်းသို့ ဆေးလိပ်ငွေ့ကင်းစင်သော ဥယျာဉ်အဖြစ် ဖော်ဆောင်ခြင်းကြောင့် ကလေးငယ်များ အတုယူမမှားအောင် နှင့် ဆေးလိပ်အန္တရာယ် ပညာပေးသည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေမည်ဖြစ်ပြီး အများကို အလေးထားသော စည်းကမ်းရှိသည့် အလေ့အကျင့်ကောင်းတစ်ခု ရရှိလာစေမည် ဖြစ်ကြောင်း ဦးဝေမျိုးအောင်က ပြောကြားသည်။
ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို ၁၉၂၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဧရိယာ အကျယ်အဝန်း ၄၃၆ ဒသမ ၉၆ ဧက ရှိသည့်အနက် ကုန်းမြေဧရိယာ ၃၆၆ ဒသမ ၉၆ နှင့် ရေပြင်ဧရိယာ ၇၀ ဧက ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဥယျာဉ်ကို ထူးအုပ်စုကုမ္ပဏီက ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ၁၅ နှစ် သက်တမ်းဖြင့် ငှားရမ်း လုပ်ကိုင်လျက်ရှိခြင်းဖြစ်သည်။     

Eleven Media Group

0 comments:

Post a Comment