Tuesday, August 13, 2019

မန္တလေးတွင် NLD ပါတီ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ဓားခုတ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် မန္တလေးခရိုင် NLD ပါတီအလုပ်အမူဆောင်အဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၁၃ ရက်နေ့ ညပိုင်းက ဓားဖြင့်ခုတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ယင်းနေ့ ည ၉ နာရီကျော်က အောင်မြေသာစံမြို့နယ် ၈၉ လမ်း၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မန္တလေးခရိုင် NLD ပါတီ၏ အလုပ်အမူဆောင်အဖွဲ့ဝင် ဦးမျိုးလွင် ၅၄ နှစ် အပါအဝင် အမျိုးသားသုံးဦးမှာ လက်ဖက်ရည်သောက်နေချိန် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူငယ်ငါးဦး ရောက်ရှိလာကာ လက်သီးဖြင့်ထိုး၍ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အနီးရှိအခြားသူများက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံချိန်တွင် လူငယ်ငါးဦးမှာ ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည့်စာအရသိရသည်။

“ဘာလို့လုပ်တယ်ဆိုတာ မသိရသေးဘူး။ အကြောင်းမဲ့သပ်သပ်လာရန်ပြုသွားတာလား၊ တစ်ခုခုရှိလို့လား မသိရသေးဘူး။ တရားခံစုံစမ်းနေပါတယ်”ဟု အမှတ် (၅)မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဦးမျိုးလွင်မှာ လက်ညှိုးပြတ်ရှဒဏ်ရာ၊ တံတောင်ဆစ်ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးဝါးကုသမူ ခံယူလျက်ရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူ လူငယ်ငါးဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး အမှတ် (၅) မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၄/၃၂၄/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

0 comments:

Post a Comment