Tuesday, August 20, 2019

မြန်မာလျှပ်စစ်မီးကိုသွယ်တန်းအသုံးပြုရန် ငြင်းဆိုသည့်အုပ်ချုပ်ရေးမှူးကို KNU/KNLA(PC)အဖွဲ့ဝင်အချို့က သေနတ်ဖြင့်ပစ်ခတ်မှု မြ၀တီမြို့တွင်ဖြစ်ပွား

Image may contain: one or more people
ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ဝှေ့ရှမ်းကျေးရွာအုပ်စု၊ညောင်နန်းသာကျေးရွာတွင် ထိုင်းနိုင်ငံမှသွယ်တန်းအသုံး ပြုသည့် လျှပ်စစ်မီးနေရာတွင် မြန်မာလျှပ်စစ်မီးကိုသွယ်တန်းအသုံးပြုပြောဆိုရာမှ အငြင်းပွားမှုဖြစ်ပွားခဲ့သည့် အတွက် KNU/KNLA(PC)အဖွဲ့ဝင်အချို့က ငြင်းဆိုသည့် ညောင်နန်းသာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူကို သေ နတ်ဖြင့်လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ် ၁၈ရက်က ညောင်နန်းသာကျေးရွာမှအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်ဦးဆိုသူထံသို့ ၄င်းကျေးရွာအတွင်း၌ မြန်မာလျှပ်စစ်မီးကိုသွယ်တန်းအသုံးပြုရန်အတွက် မြန်မာလျှပ်စစ်မီးရရှိအသုံးပြုနိုင်ရေး တာဝန်ပေးအပ်ခြင်းခံထားရသည့် KNU/KNLA(PC)မှ အဖွဲ့ဝင် ကြည်နိုင်ဆိုသူအပါအ၀င် ၅ဦးသည် ကျေးရွာသို့ ရောက်ရှိလာပြီးနောက် ပြောဆိုရာတွင် အုပ်ချုပ်ရေးမှူးဦးသက်ဦးမှ မြန်မာလျှပ်စစ်မီးကိုအသုံးမပြုနိုင်ကြောင်း၊ လက်ရှိအသုံးပြုလျှက်ရှိသည့် ထိုင်းနိုင်ငံမှလျှပ်စစ်မီးကိုသာအသုံးပြုသွားဖြစ်ကြောင်းပြောဆိုရာမှ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း ၄င်းဒေသခံများထံမှ သိရသည်။
KNU/KNLA(PC)မှ အဖွဲ့ဝင် ကြည်နိုင်ဆိုသူအပါအ၀င် ၅ဦးသည် ယင်းသို့အငြင်းပွားမှု ဖြစ်စဉ် အပေါ် ကျေနပ်မှုမရှိသည့်အတွက် သြဂုတ် ၁၉ရက်ညပိုင်းအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသက်ဦးကို ၀ိုင်းကာ သေနတ်ဖြင့် ၅ချက်ခန့်လာရောက်ပစ်ခတ်ခဲ့ပြီးနောက် တိမ်းရှောက်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
“ဖြစ်စဉ်ကတော့ KNU/KNLA(PC)က အဖွဲ့ဝင် ကြည်နိုင်က ကျေးရွာတွေမှာ မြန်မာလျှပ်စစ်မီးအသုံးပြုရေးအ တွက်တာဝန်ပေးခံထားရတဲ့သူလို့သိရတယ်။ဘယ်သူက ဘယ်လိုတာဝန်ပေးသလဲဆိုတာတော့ မသိဘူး။အုပ် ချုပ်ရေးမှူးဦးသက်ဦးကကျတော့ ထိုင်းနိုင်ငံကဖြန့်တဲ့ လျှပ်စစ်မီးကို ကျေးရွာမီးလင်းရေးအတွက်တာဝန်ယူ ဆောင်ရွက်ရတဲ့လူ။အဲ့ဒိတော့ တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားတာပေါ့။အဲ့လိုအငြင်းပွားတာက KNU/KNLA(PC)အဖွဲ့ဘက်က မကျေနပ်တဲ့အတွက် အခုလိုပစ်ခတ်မှုတွေဖြစ်တာပါ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောကြားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးသက်ဦး၏ ယာဘက်ရင်အုံတွင် ကျည်ဖေါက်ထွက်ဒဏ်ရာ(၁)ချက် ၊ ယာ တံတောင်ဆစ်တွင် ကျည်ထိမှန်ဒဏ်ရာ(၁)ချက် နှင့် ယာပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ (၁)ချက် တို့ရရှိခဲ့သည့် အတွက် အုပ်ချုပ်ရေးမှူးဦးသက်ဦးကို မြဝတီခရိုင်ဆေးရုံကြီးသို့ပို့ဆောင်၍ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသလျှက်ရှိကြောင်းသိရသည်။
လက်ရှိတွင် ၄င်းပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ကန်းညီနောင်နယ်မြေရဲစခန်းတွင် ပစ်ခတ်သူများအား အရေးယူပေးရန်တိုင်တန်းထားကြောင်းနှင့် တရားခံများဖမ်းဆီးရမိရေးအတွက် သင်္ကန်းညီနောင်နယ်မြေရဲစခန်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
YN
Photo - Credit
Isee Media

0 comments:

Post a Comment