Monday, August 12, 2019

ခြေ/ဥပြင်ဆင်ရေး ပြည်သူများ သတ္တိရှိရှိ အားသွန်ခွန်စိုက် ပါဝင်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

အခြေခံဥပဒေပြင်ဆင်ရေးကို ပြည်သူအားလုံး မျက်စိဖွင့်နားစွင့်ပြီး သတ္တိရှိရှိ ညီညီညွတ်ညွတ်နှင့် အားသွန်ခွန်စိုက်ပါဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။ 
ဩဂုတ် ၁၂ ရက်တွင် ကျရောက်သည့် (၆၉) ကြိမ်မြောက် ကရင် အာဇာနည်နေ့ သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ပြည်သူလူထုတစ်ရပ်လုံးအနေနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို မျက်စိဖွင့် နားစွင့်နေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲရေးနှင့် ပြင်ဆင်ရေး စသည်တို့တွင် သတ္တိရှိရှိနှင့် ညီညီညွတ်ညွတ် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ပါတယ်” ဟု စောမူတူးစေးဖိုးက ဆိုသည်။ 

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်ကာ ဖြေရှင်း၍ မရနိုင်ဘဲ ဖယ်ဒရယ်ပြည်ထောင်စု ကြီးတည်ဆောက်နိုင်မှသာလျှင် ပြည်သူတိုင်း တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

ယနေ့အချိန်ကာလတွင် နိုင်ငံရေးအသိပညာနှင့် အတတ်ပညာများကို ပြင်ဆင်ထားပြီး နိုင်ငံရေး သတိရှိရှိနှင့် ကရင်အမျိုးသားများနှင့် ပြည်သူလူထုကို ကျရောက်လာမည့် အန္တရာယ်မှန်သမျှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

နှစ်စဉ် ဩဂုတ် ၁၂ ရက်တွင် ကျရောက်သည့် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားများကို ယခင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချူပ်နယ်မြေများအတွင်းသာ ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံးတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ခဲ့သည့် နောက်ပိုင်းတွင် ရန်ကုန်အပါအဝင် ကရင် တိုင်းရင်းသားများရှိရာ မြို့များမှာ နှစ်စဉ် ကျင်းပလာကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခုနှစ်တွင် ကရင့် အမျိုးသားအာဇာနည်နေ့ အခမ်းအနားဟူသည့် အသုံးအနှုန်းကို ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် တားမြစ်ခဲ့ပြီး အချို့ဒေသများတွင် ကရင်အာဇာနည်ဆိုသည့် အသုံးအနှုန်းမပြုရန် တားမြစ်ခြင်းများရှိခဲ့သည်။

စိုင်းဟန်
The Voice

0 comments:

Post a Comment