Friday, August 9, 2019

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်သင်ကြားမည့် Grade-12 ပြီး မြောက်သူများသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာ တက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်မည်ဟု ပညာရေးဝန်ကြီးလွှတ်တော်၌ ပြောကြား

၂၀၁၉ ခုနှစ် ဇွန် ၆ ရက်က သင်္ဃန်းကျွန်းမြို့နယ် အထက (၁) သို့ ကျောင်းတက်ရောက်ရန် ရောက်ရှိလာသည့် အခြေခံပညာကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်သင်ကြားမည့် ဒွါဒသမတန်း(Grade-12) ပြီးမြောက်သူများသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား မဖြစ်မနေ ဖြေဆိုရမည်ဖြစ်ကာ အောင်မြင်မှသာ တက္ကသိုလ်များသို့ တိုက် ရိုက်တက်ရောက်နိုင်မည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။

သြဂုတ် ၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်က တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမျိုးမဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့် အညီ တက္ကသိုလ်ဝင်ခွင့်စနစ် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုနှင့်ပတ်သက်ပြီး ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒသမတန်း (Grade-12) ပြီးမြောက်သူတွေဟာ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမှာ ဖြစ်ပါတယ်။ ယင်းတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ မအောင်မြင်သူတွေကို အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (Hight School Completion Certificate) ထုတ် ပေးမှာဖြစ်ပါတယ်။ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိပြီးပါက ၎င်းဟာ National Qualification Framework ရဲ့ Level-3 အဆင့် ပြီးမြောက်သွားတယ်လို့ သတ်မှတ်မှာ ဖြစ်ပါတယ်”ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။

Level-3 မှတစ်ဆင့် Level-4 ၊ Level-5 အဆင့်တွင်ရှိသည့် Certificate, Diploma, Advanced Diploma (not more than 1 year or 2 year) များသို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် Level-6 အဆင့်ဖြစ်သည့် Bachelor Degree လိုချင်ပါက တိုက်ရိုက်ဝင်ရရန်အတွက် Matriculation Examination ကို မဖြစ်မနေ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေအရ တက္ကသိုလ်များကို ကိုယ်ပိုင်စီမံခန့်ခွဲသည့်စနစ်အား ကျင့်သုံးဆောင်ရွက်ခွင့်ပြုရန်အတွက် တက္ကသိုလ်ပဋိညာဉ်စာတမ်းများကို တက္ကသိုလ်အလိုက် ရေးဆွဲအတည်ပြုပြီးပါက ပဋိညာဉ်စာတမ်းအတိုင်း တက္ကသိုလ်ကောင်စီကို ဖွဲ့စည်းပြီး တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်းများကို ဆက်လက်ကျင့်သုံးဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ သို့ ဆက်လက်တက်ရောက်လိုပါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဝင်ရောက် ဖြေဆိုပြီးမှသာ သက်ဆိုင်ရာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများတွင် လက်ရှိကျင့်သုံးနေသည့် တက္ကသိုလ်ဝင်ခွင့်စနစ်မှာ သက်ဆိုင်ရာတက္ကသိုလ်အလိုက်တွင် သင်ကြားနေသည့် ဘာသာရပ်အလိုက် ၎င်းတို့သတ်မှတ်ထားသည့် ဝင်ခွင့်ပြုအနိမ့်ဆုံးရမှတ်များ၊ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်များနှင့် တက်ရောက်နေစဉ် ကျောင်းသားများ လိုက်နာကျင့်သုံးရမည့် သင်ကြားရေးဆိုင်ရာ အခြားသတ်မှတ်ချက်များအပေါ်မူတည်၍ တက် ရောက်သင်ယူခွင့်ပြုသည့်စနစ်အား ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့တက်ရောက်လိုသည့် တက္ကသိုလ်များ လက်ခံနိုင်သည့် သတ်မှတ်ဦးရေအတွင်း တက်ရောက်ခွင့်ရရှိခြင်းဖြစ်ပြီး ဝင်ခွင့်ပြုအနိမ့်ဆုံး ရမှတ်ပြည့်မီခြင်း သည် အဓိကမဟုတ်သော်လည်း ယှဉ်ပြိုင်လျှောက်ထားသူများ၏ မှန်းဆခန့်မှန်းမှုသာ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးဥပဒေနှင့်အညီ သီးခြားဝင်ခွင့်ခေါ်ယူမည့် တက္ကသိုလ်များသတ်မှတ်၍ သက်ဆိုင်ရာတက္ကသိုလ်များ၏ သတ်မှတ်ချက်များအလိုက် ဝင်ခွင့်ရွေးချယ်ခြင်းအား တိုက်ရိုက်လျှောက်ထားသည့်စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်အတွက် သီးခြားဝင်ခွင့် ခေါ်ယူခဲ့သည့်  တက္ကသိုလ် ၁၁ ခု သတ်မှတ်ခဲ့ ပြီး ၂၀၁၉ ခုနှစ်တွင် သီးခြားခေါ်ယူမည့် တက္ကသိုလ် ၁၄ ခုသို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး ယင်းတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက် ထားခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။
Eleven Media Group

0 comments:

Post a Comment