Thursday, August 29, 2019

မင်္ဂလာဒုံမြို့နယ်ရှိ သန့်ရှင်းမှု အားနည်းပြီး GMP နှင့်အညီ ထုတ်လုပ်မှုမရှိသော သောက်ရေသန့် စက်ရုံအချို့ကို FDA က ထုတ်လုပ်မှု ယာယီရပ်ဆိုင်း

GMP နှင့်အညီ ထုတ်လုပ်မှု မရှိသော သောက်ရေသန့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
မင်္ဂလာဒုံမြို့နယ်ရှိ သန့်ရှင်းမှုအားနည်းပြီး ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း မရှိသော သောက်ရေသန့်စက်ရုံအချို့ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်လုပ်မှု ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

“ မင်္ဂလာဒုံမြို့နယ်က သောက်ရေသန့် လုပ်ငန်းတွေကို စစ်ခဲ့တယ်။ စစ်တဲ့ သောက်ရေသန့် လုပ်ငန်းတွေက အစားအသောက် ထောက်ခံချက် ရထားပြီးတဲ့ ရေသန့်လုပ်ငန်းတွေကို ရှောင်တခင် ဝင်စစ်ဆေးတာ ဖြစ်ပါတယ်။ လုပ်ငန်းတချို့က ကောင်းမွန်ပေမယ့် တချို့လုပ်ငန်းတွေကျတော့ စက်ရုံဖွဲ့စည်းပုံ မကိုက်ညီတာ၊ သန့်ရှင်းမှု အားနည်းတာ၊ ဝန်ထမ်းတွေ လုပ်ငန်းခွင်သုံးဝတ်စုံ မဝတ်တာ စတဲ့ GMP နဲ့အညီ လိုက်နာ ဆောင်ရွက်မှု မရှိတဲ့ စက်ရုံတချို့ကိုတော့ လုပ်ငန်း ယာယီရပ်ဆိုင်း အရေးယူခဲ့ပါတယ်။ ပြန်လည် ပြင်ဆင်ဖို့ကိုလည်း ညွှန်ကြားထားပါတယ်”ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာမင်းဝံက ပြောကြားသည်။
သြဂုတ် တတိယပတ်အတွင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)သည် သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်အတူ မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းနှင့်  သောက်ရေသန့်လုပ်ငန်း နှစ်ခုမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် ကိုက်ညီစွာ ထုတ်လုပ်နေပြီး အချို့သော သောက်ရေသန့် လုပ်ငန်းများမှာ ထောက်ခံချက် လျှောက်ထားစဉ်က စက်ရုံဖွဲ့စည်းပုံနှင့် ကိုက်ညီမှုမရှိခြင်း၊ စက်ရုံ အတွင်းအပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှု အလေ့အကျင့်များ မရှိခြင်းတို့ကြောင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း တွေ့ရှိရ၍ စက်ရုံအချို့အား ထုတ်လုပ်မှု ယာယီရပ်ဆိုင်း အရေးယူခဲ့ပြီး ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလအတွင်းက  မှော်ဘီနှင့် သန်လျင်မြို့နယ်ရှိ သောက်ရေသန့် လုပ်ငန်းများအနက် စက်ရုံဖွဲ့စည်းပုံ ကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်းအပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှု အလေ့အကျင့်မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်မှုမရှိခြင်း စသည့်အချက်များကြောင့် စက်ရုံအချို့ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယာယီရပ်ဆိုင်း အရေးယူခဲ့ပြီး ဖြစ်သည်။
စစ်ဆေးမှုတွင် ထောက်ခံချက်ရရှိပြီး သောက်ရေသန့် လုပ်ငန်းများအပြင် ထောက်ခံချက်မရှိဘဲ ထုတ်လုပ်နေသော သောက်ရေသန့် လုပ်ငန်းများကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ GMP နှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းများအား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်း အရေးယူခဲ့ပြီး ယင်းသောက်ရေသန့်လုပ်ငန်းအနေဖြင့် FDA သို့ ထောက်ခံချက် လျှောက်ထားပြီး GMP နှင့် အညီ ကိုက်ညီမှသာ ပြန်လည်ထုတ်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွင်း  သောက်ရေသန့်လုပ်ငန်းများအား တစ်လလျှင် မြို့နယ် လေးမြို့နယ် သတ်မှတ်ပြီး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ရှောင်တခင် ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း GMP သတ်မှတ်ချက်နှင့် မညီသော သောက်ရေသန့်လုပ်ငန်း ၄၀ ဝန်းကျင်ကို ယာယီရပ်နားခဲ့ပြီး လိုင်စင်မဲ့ ထုတ်လုပ်နေသည့် လုပ်ငန်း ကိုးခုအား ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြောင်းနှင့် လတ်တလော ပိတ်သိမ်း အရေးယူထားသော သောက်ရေသန့် အမှတ်တံဆိပ်များ ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း တွေ့ရှိပါက မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (သို့မဟုတ်) မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment