Wednesday, August 7, 2019

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို ၂၃ ကြိမ်မြောက် ရုံးထုတ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကို စစ်ဆေး

အဂတိလိုက်စားမှုဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို သြဂုတ် ၅ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၂၄ ကြိမ်မြောက် အဖြစ် ရုံးထုတ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်း ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့်အ ထွေထွေမန်နေဂျာ ဦးသူရအုံတို့ လေးဦးကို ထားဝယ် အကျဉ်းထောင်မှတစ်ဆင့် ရဲတပ်ဖွဲ့ကား သုံးစီးဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ မနက် ၁၁ နာရီကျော်အချိန်တွင် ရုံးထုတ်လာခဲ့ပြီး တရားခွင်စတင်ချိန်၌ တရားလိုပြ သက်သေဖြစ်သူ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးကို ရာဇဝတ်ကြီးအမှုအမှတ် (၁/ ၂၀၁၉) အမှုမှ ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဝယ်ယူထားသည့် ထားဝယ်မြို့ ဆေးရုံလမ်းရှိ မြေကွက် နှစ်ကွက်အား ခြံစည်းရိုးကာရံထားမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်မေးခဲ့ကြောင်း သိရသည်။
“ဒီ​နေ့က​တော့ ရာကြီးအမှုအမှတ်​(၁/ ၂၀၁၉) အမှုမှာ တရားလိုပြ သက်​​သေ ဦး​အောင်​​ကျော်​မျိုး (ထားဝယ်မြို့နယ်​ စည်​ပင်​သာယာ​ရေး အမှု​ဆောင်​အရာရှိ) ကို စစ်​​ဆေးခဲ့ပါတယ်။ သူ့ကို စစ်​​ဆေးတဲ့အခါ တရားလိုဘက်​က​နေ သက်သေခံတစ်​​စောင်​ တင်​သွင်းသွားတယ်​။ နောက်​ရာကြီး (၂/၂၀၁၉) နဲ့ (၃/၂၀၁၉) မှာ တရားလိုပြ သက်​​သေအဖြစ်​နဲ့ ဦးဖြိုးဝင်းထွန်း ကို စစ်​​ဆေးခဲ့တယ်​။ ဒီ​နေ့က​တော့ အဲဒီသုံးမှုပဲ စစ်​​ဆေးနိုင်ခဲ့တယ်​။ လာမယ့်​ရုံးချိန်းကို ၆ ရက်​ ၈ လ ၂၀၁၉ ရက်​​ (မနက်​ဖြန်​) ကို ပြန်​ချိန်းထားတယ်​”ဟု တိုင်းဒေသကြီး တရားလွှတ်​​တော်​မှ တွဲဖက်​ပြန်​ကြား​ရေးအရာရှိ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦး​ဇော်​​ဇော်​သန်းက ​ပြောကြားသည်။
တရားခွင်စတင်ချိန်၌ ရာဇဝတ်ကြီး အမှုအမှတ်(၄/၂၀၁၉) အမှုမှ တရားလိုပြသက်သေဖြစ်သူ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကို စစ်ဆေးခဲ့ပြီးနောက် ခေတ္တရပ်နားခဲ့ကာ ရာဇဝတ်ကြီး အမှုအမှတ်(၁/၂၀၁၉)၊(၂/၂၀၁၉)၊(၃/၂၀၁၉)နှင့်(၄/၂၀၁၉) အမှုများက တရားလိုပြသက်သေ ဦးရဲထွန်းကို ဆက်လက်စစ်ဆေးခဲ့ပြီး ညနေ ၃ နာရီအချိန်ခန့်တွင် တရားခွင်ကို ရပ်နားခဲ့ကြောင်း သိရသည်။
ဒေါက်တာ လဲ့လဲ့မော်အား ရဲတပ်ဖွဲ့ယာဉ်ဖြင့် တရားရုံးသို့ ရုံးထုတ်လာရာ၌ ကားပေါ်မှ အဆင်းတွင် သက်သေလာရောက် ထွက်ဆိုသည့် ဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းက သွားရောက်ကြိုဆိုခဲ့ပြီး တရားခွင်သို့ သွားရာ ကော်ရစ်တာ တစ်လျှောက်တွင် ဒေါက်တာလဲ့လဲ့မော် နှင့် စကားပြောဆိုလျက် ရှိသည်ကို တွေ့ရသည်။
၂၄ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သည့် တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကို စစ်ဆေးခဲ့သည့် ရာဇာဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉) မှာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ၎င်း၏မိသားစုပိုင်ဆိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆) ရှိနှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုးကျပ် (၃၂၁.၄) သိန်းခန့်သာ တန်ဖိုးရှိသော်လည်း GGS ကုမ္ပဏီသို့ ကျပ်သိန်း(၂၀၀၀)ဖြင့် ရောင်းချခဲ့ပြီး GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေး တည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းများကိုလုပ်ကိုင်ခွင့် ပြုခဲ့ကြောင်းနှင့် ကာလတန်ဖိုးထက် အဆမတန်ဈေးနှုန်းဖြင့် ရောင်းချပြီး ဝယ်ယူသူများကို လုပ်ပိုင်ခွင့်များချပေး၍ အဂတိလိုက်စားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နှင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ တို့ဖြင့် တရားစွဲထားသည့်အမှု ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ ၂ ဖက်ရှေ့နေများက တရားလိုပြ သက်သေများအား အပြန်အလှန် စစ်မေးရာတွင် GGS ကုမ္ပဏီနှင့် ယင်းကုမ္ပဏီ လက်အောက်ရှိ သိန်းကမ္ဘာ ကုမ္ပဏီများအား နေပြည်တော်ရှိ တနသာင်္ရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဧည့်ရိပ်သာ၊ ပုလောမြို့တော်ခမ်းမ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်ပေးရာ၌ ကျပ်သိန်း ၅၀၀ ကျော်ကုန်ကျခဲ့သည့် ပုလောမြို့တော်ခမ်းမ တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ကုမ္ပဏီဘက်မှ အစိုးရက ချပေးသည့်ငွေထက် ပိုမိုအကုန်အကျခံကာ စေတနာပါပါဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အစိုးရလုပ်ငန်းများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ တင်ဒါကော်မတီများနှင့် အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခဲ့ပြီး ဒေါက်တာလဲ့လဲ့မော် အနေဖြင့် အာဏာရှင်ဆန်ဆန် ဆုံးဖြတ်ခဲ့ခြင်း မရှိကြောင်းနှင့် နေပြည်တော် ဧည်ရိပ်သာနှင့် ပုလောမြို့တော်ခမ်းမတို့ကို ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်ပြီး ပြုလုပ်ခဲ့ခြင်း လုံးဝမရှိကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းက ထွက်ဆိုခဲ့သည်။ ထို့ပြင် တရားလိုပြသက်​​သေဖြစ်သည့် တိုင်းေ​ဒသကြီး အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာန ဒုတိယညွှန်​ကြားရေးမှူး ဦးရဲထွန်းကို ရာဖဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ ဥပဒေအရာရှိက စစ်မေးရာ၌ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ တူမတော်စပ်သူ ဒေါ်ပွင့်ဖြူဖြူအောင်ကို ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပေးခန့်အပ်ကြောင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ရက်စွဲပါစာ၊ ဒေါ်ပွင့်ဖြူဖြူအောင်က ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအဖြစ်မှ နှုတ်ထွက်ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရ်ီလ ၃၁ ရက် နေ့စွဲပါစာနှင့် ၎င်းအားနှုတ်ထွက်စာတင်သည့် နေ့တွင်ပင် နှုတ်ထွက်ခွင့်ပြုကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမှ ရုံးအမိန့်စာများကို ရုံးတော်သို့ သက်သေခံအဖြစ် တရားလိုဘက်မှ ဥပဒေအရာရှိက တင်သွင်းမှု ရှိခဲ့သည်။
ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်ပွင့်ဖြူဖြူအောင်မှာ ဒေါက်တာလဲ့လဲ့မော်၏ ခဲအိုတော်စပ်သူ သရက်ချောင်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၏ သမီးအရင်းဖြစ်ပြီး ဒေါ်ပွင့်ဖြူဖြူအောင်၏ ခင်ပွန်းဖြစ်သူမှာလည်း အဂတိအမှုဖြင့် တရားရင်ဆိုင်နေရသည့် GGS ကုမ္ပဏီ၌ တာဝန်ခံအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းခဲ့သည့် ဒေါ်ပွင့်ဖြူဖြူအောင်၏ ကိုယ်ရေးအရာရှိအဖြစ် နှုတ်ထွက်ခွင့်ပြုကြောင်း ရုံးအမိန့်စာမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အနေဖြင့် တူမဖြစ်သူအား ကိုယ်ရေးအရာရှိ ခန့်ထားခြင်း၊ မိသားစုဆွေမျိုးများ ရှယ်ယာပါဝင်သည့် ကုမ္ပဏီကို တင်ဒါပေးခြင်းနှင့် ယင်းကုမ္ပဏီမှ အစိုးရအား ဆပ်ရန်ရှိသည့် အကြွေးကိစ္စတွင် ကိုင်တွယ်မှု လျော့ရဲခြင်း စသောကိစ္စများနှင့် ပတ်သက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စုံစမ်းစစ်ဆေး အရေးယူပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(ဗဟို)သို့ ထားဝယ်ဒေသခံ ၄၅ ဦးက လက်မှတ်ရေးထိုး တိုင်ကြားခဲ့ပြီးနောက် နှုတ်ထွက်စာတင်၍ ချက်ချင်းနှုတ်ထွက်ခွင့်ပြုခဲ့သည့် အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။

ထိုစဉ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (ဗဟို) ကိုယ်စားလှယ်များ တိုင်ကြားစာဌာနမှ ဒေါက်တာမျိုးညွှန့်ထံ လိပ်မူ၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ထံ မိတ္တူပေးပို့ထားခဲ့သည့် ထားဝယ်ဒေသခံများ၏ တိုင်ကြားစာ အတွင်း၌ ပါဝင်ခဲ့သည့် အဓိက အချက်များ အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်အရ အစိုးရအဖွဲ့ဝင်များ၏ ဇနီး၊ ခင်ပွန်း၊ ဆွေမျိုးစပ်များကို ဌာနဆိုင်ရာ အဖွဲ့ အစည်းများတွင် ကိုယ်ရေးအရာရှိ ရာထူးတာဝန်များ ခန့်အပ်ခြင်း မပြုရဟု စာထုတ်ထားသော်လည်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ခဲအိုတော်စပ်သူ NLD ပါတီ တိုင်းဥက္ကဋ္ဌ ဦးအောင်စိုး (NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဝင်) ၏သမီးဖြစ်သူအား စည်ပင်ဝန်ထမ်းအဖြစ် အယောင်ပြကာ ခန့်ထားခြင်းနှင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းကလည်း ၎င်းကညီဖြစ်သူကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားခြင်း၊ ဦးအောင်စိုး၏ သမီးဖြစ်သူကို NLD ထားဝယ်ခရိုင် အမျိုးသမီး တာဝန်ခံအဖြစ် ခန့်ထားပြီး ၎င်း၏ခင်ပွန်းဖြစ်သူမှာ အစိုးရအား ဂက်စ်ဖိုးငွေ အကြွေး ကျပ် ၈ ဘီလျံကျော် ပေးဆပ်ရန် ကျန်နေသော ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်နေသည့် GGS ကုမ္ပဏီ၌ တာဝန်ခံရာထူး ရယူထားခြင်း၊ ဝန်ကြီးချုပ်၏ သားဖြစ်သူမှာလည်း ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် သရက်ချောင်းမြို့နယ်ရှိ အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တင်ဒါအောင် ကုမ္ပဏီများနှင့် ရှယ်ယာဝင်လုပ်ကိုင်ခြင်းအပြင် ဒေသခံများ ကျောက်ထုတ်ခွင့် လိုင်စင်ရရန် ခက်ခဲကြန့်ကြာသော်လည်း ၎င်းမှာလိုင်စင် အလွယ်တကူရရှိ၍ ကိုယ်ပိုင်ကျောက်မိုင်းနှင့် ကျောက်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေပြီး ကျောက်လုပ်ငန်း တင်ဒါများ၌ ပြိုင်ဘက်မရှိ တင်ဒါအောင်မြင်ခြင်း၊ သရက်ချောင်းမြို့နယ်အတွင်း ကွန်ကရစ်လမ်း ၃ မိုင်အား ခွင့်ပြုငွေ ကျပ်သန်း ၉၀၀ ကျော်ဖြင့် တင်ဒါအောင်သည့် ကုမ္ပဏီ၌ အဓမ္မ ရှယ်ယာဝင်ခဲ့ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်နေသည့် GGS ကုမ္ပဏီနှင့် အစိုးရအကြား ချုပ်ဆိုသည့် စာချုပ်၌ ကွက်လပ်များဖြင့် ချုပ်ဆိုလက်မှတ် ရေးထိုးထားခြင်းနှင့် ၎င်းကုမ္ပဏီက အကောင်ထည်ဖော်မည့် သရက်ချောင်း ငါးလေလံဈေးနှင့် ပတ်သက်၍ ဈေးကွက်ဖော်ဆောင်ရန် မသင့်လျော်သည့်နေရာ၌ ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာကို အလွန်အကျွံအသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်း၊ ထားဝယ်လေယာဉ်ကွင်း ချုံရှင်းသည့်ကိစ္စတွင် ဘတ်ဂျက်ငွေကျပ် သိန်း ၄၀၀၀ သုံးစွဲခဲ့သည့်ဖြစ်ရပ်၌ လုပ်ကိုင်ခွင့်ရရှိသည့် F-22 Sunny ကုမ္ပဏီတွင် ဝန်ကြီးချုပ်၏ သားဖြစ်သူမှ ရှယ်ယာဝင် လုပ်ကိုင်ခဲ့ခြင်း၊ ထားဝယ်မြို့ ဆေးရုံလမ်းရှိ ကျပ်သိန်း ၃၀၀၀ တန် မြေကွက်အား ဝယ်ယူပြီး ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် စီစဉ်နေခြင်း စသည့်ကိစ္စများအပြင် NLD တိုင်းဥက္ကဋ္ဌ ဦးအောင်စိုး၏ ဝန်ကြီးချုပ်အပေါ် ကာကွယ်ပေးမှုများကြောင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အာဏာရှင်ဆန်စွာ ပြုမူပြောဆို လုပ်ကိုင်လာသည်ကို ထင်ထင်ရှားရှား တွေ့ မြင်ရကြောင်း တိုင်ကြားစာအတွင်း ရေးသားဖော်ပြထားသည်။
ထိုသို့ တိုင်ကြားခံရမှုနှင့် ပတ်သက်၍ တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ၎င်း၏မိဘနှစ်ပါးမှာ ၎င်းတစ်ဦးတည်းကိုသာ မွေးခဲ့ခြင်းဖြစ်ပြီး မောင်နှမများ မရှိသောကြောင့် တူ/တူမများလည်း မရှိဘဲ သားသမီးများသာရှိကြောင်း၊ ၎င်း၏သားသမီးများမှာ စီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီရှိသူမရှိဘဲ ဆွေမျိုးကို လုပ်ပိုင်ခွင့်ပေးသည် ဆိုခြင်းမှာလည်း မဟုတ်ကြောင်းနှင့် PSO (ကိုယ်ရေးအရာရှိ) အဖြစ် ထားသည့် ဆွေမျိုးတယောက်မှ မရှိဘဲ ၎င်းမှာတစ်ကောင်ကြွက် ဖြစ်ကြောင်း၊ ၎င်း၏ခဲအိုတော်စပ်သည့် NLD ပါတီတိုင်းဥက္ကဋ္ဌ ဦးအောင်စိုး၏ သမီးဖြစ်သူကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားခြင်းမှာ မဟုတ်ကြောင်းနှင့် ၎င်း၏အခန်းအတွင်း တခါတလေ ဝင်ထွက်သွားလာပြီး လိုအပ်သည့် အလုပ်များ၊ ကွန်ပျူတာနှင့် ပတ်သက်သည့် အလုပ်များကို ကူညီလုပ်ကိုင်ပေးနေခြင်း ဖြစ်ကြောင်း၊ ကိုယ်ရေးအရာရှိကို ထွေအုပ်က ခန့်ထားပြီး ကိုဇော်လင်းအောင်ဖြစ်ကာ ၎င်းနှင့်သာ အတူသွားကြောင်း မီဒီယာများကို ပြန်လည်ဖြေကြားခဲ့သည်။
ထိုသို့ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအဖြစ် ဆွေမျိုးတော်သူအား ခန့်ထားခြင်း မရှိကြောင်း ဖြေကြားမှုနှင့် ပတ်သက်၍ လက်တွေ့အနေအထားနှင့် လုံးဝကွဲလွဲနေသောကြောင့် ဒေသခံများအကြား ဝေဖန်မှု မြင့်တက်ခဲ့ပြီး ထိုအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ကိုယ်ရေးအရာရှိ ခန့်အပ်သည့် ရုံးတွင်းစာလည်း ပေါ်ထွက်လာခဲ့ကာ ဝန်ကြီးချုပ်၏ ဆွေမျိုးတော်စပ်သူ ဦးအောင်စိုး၏သမီးကို ကိုယ်ရေးအရာရှိအဖြစ် တရားဝင် ခန့်အပ်ထားကြောင်း ဖော်ပြထားသဖြင့် ဝန်ကြီးချုပ်မှာ ပြည်သူကို လိမ်လည်သူဟု အပြင်းအထန် ဝေဖန်မှုများ ရှိခဲ့သည်။
တရားလိုပြ သက်သေအဖြစ် တရားခွင်၌ လာရောက်ထွက်ဆိုခဲ့သည့် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု ဥပဒေဖြင့် စတင်ဖမ်းဆီးခဲ့ပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း မတ်လ၁၁ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ၈ ရက်အကြာ မတ်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံမှ ယင်းတို့ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့သည့် တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံ/ဘဏ္ဍာနှင့် လျှပ်စစ်/စွမ်းအင်ဝန်ကြီး နှစ်ဦးအနက် တစ်ဦးဖြစ်ပြီး လာမည့်ရုံးချိန်း၌ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုမည့် ဦးကြည်လှိုင်မှာလည်း ၎င်းနှင့်အတူ နှုတ်ထွက်ခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လျှပ်စစ်/စွမ်းအင် ဝန်ကြီးဟောင်းဖြစ်သည်။
ထို့အပြင်၎င်းတို့ နှစ်ဦးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ ယခင်လျှပ်စစ်/စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့နှင့်အတူ မိသားစုဝင်များ အပါအဝင် စုစုပေါင်း(၁၃)ဦး၏ ဘဏ်ငွေစာရင်းများအား စစ်ဆေးမှု ပြုလုပ်ရာ၌လည်း ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဦးဖြိုးဝင်းထွန်းမှာ မြိတ်မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဦးကြည်လှိုင်မှာ ပုလောမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၆ ရက်နေ့ ရုံးချိန်းတွင် သက်သေခံ စာရွက်စာတမ်းအဖြစ် စတင်တရားစွဲဆိုသည့် အချိန်မှ ၂၄ ကြိမ်မြောက် ရုံးချိန်အထိ တရားလိုဘက်မှ သက်သေခံ စာရွက်စာတမ်းအဖြစ် ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) အတွက် ၅၇ စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉) အတွက် ၅၄ စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) အတွက် ၄၆ စောင်နှင့် ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အတွက် ၆၀ စောင် စုစုပေါင်း ၂၁၇ စောင်တင်ပြထားပြီး တရားခံဘက်မှ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) အတွက် ၂၀ စောင်နှင့် ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) အတွက် ၇ စောင် စုစုပေါင်း ၂၇ စောင်ပြထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျောက်ထားမှု ၂ ကြိမ်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့၏ အာမခံလျောက်ထားမှု တစ်ကြိမ်စီတို့ကို တရားရုံးက ပယ်ချထားကြောင်း သိရသည်။
ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှု အကြောင်းမှာ ၎င်း၏ရင်သားကင်ဆာနှင့် ခြေချင်းဝတ်၌ စတီးချောင်း ထည့်ထားမှု ချို့ ယွင်းနေခြင်းအပေါ် ဆေးကုသရန် ကျန်းမာရေး အကြောင်းပြချက်ဖြင့် အာမခံ လျောက်ထားခဲ့ခြင်းဖြစ်ပြီး GGS ကုမ္ပဏီ တာဝန်ရှိသူများ၏ အာမခံလျှောက်ထားရသည့် အကြောင်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံ သဘာဝဓာတ်ငွေ့ ဖိုး အကြွေးများ ပေးသွင်းနေပြီး ၎င်းတို့ကို အာမခံရရှိပါက ယခုထက်ပို၍ ငွေပေးသွင်းနိုင်မည် ဖြစ်ကြောင်းနှင့် လျှပ်စစ်လုပ်ငန်းကိုလည်း ယခုထက်ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ၎င်းတို့မှာ ထွက်ပြေးတိမ်းရှောင်မည့်သူများ မဟုတ်သောကြောင့် အာမခံပေးသင့်ကြောင်း အကြောင်းပြကာ လျှောက်ထားခြင်းဖြစ်သည်ဟု သိရသည်။
တရားလိုဘက်မှ ဥပဒေအရာရှိများကမူ ပြည်ထောင်စုအစိုးရသည် အဂတိလိုက်စားမှုကို မူဝါဒတစ်ရပ်အနေဖြင့် တိုက်ဖျက်နေပြီး စွဲဆိုထားသည့် ပြစ်မှုသည်လည်း အာမခံမပေးနိုင်သည့်ပြစ်မှု ဖြစ်သောကြောင့် လည်းကောင်း၊ အမှုတွင် သက်သေများ စစ်ဆေးရန် ကျန်နေခြင်းကြောင့် အာမခံပေးပါက ကျန်ရှိသည့် သက်သေများကို ဖျက်ဆီးနိုင်ခြင်း၊ ထွက်ပြေးတိမ်းရှောင် နိုင်ခြင်းတို့ကြောင့် အာမခံ လျောက်ထားမှုကို ခွင့်မပြုသင့်ဟု ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
ထားဝယ်မြို့မ ရဲစခန်း၌ ဖွင့်လှစ်ထားသည့် အမှု ၄ ခုမှာ (ပ)၇၆၆/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား လည်းကောင်း၊ (ပ) ၇၆၇/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့အား လည်းကောင်း၊ (ပ)၇၆၈/၂၀၁၉ နှင့် (ပ)၇၆၉/၂၀၁၉ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား လည်းကောင်း ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group

0 comments:

Post a Comment