Thursday, August 8, 2019

သြဂုတ်လ ရောက်သည်အထိ မိုးခေါင်မှုကြောင့် သောက်သုံးရေ ပြတ်လပ်နေသည့် ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာ လေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း ရေလှူဒါန်း

မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာတွင် ရေလှူဒါန်းနေစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
သြဂုတ်လ ရောက်သည်အထိ မိုးခေါင်မှု ကြုံတွေ့သည့်အတွက် ကန်ရေခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်နေသည့် ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာ လေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ သြဂုတ် ၈ ရက်က သောက်သုံးရေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း ရေလှူဒါန်းပေးခဲ့သည့် ရေစကြိုမြို့နယ် ကွမ်းစီကန် ၊ မြစ်လှချောင်၊ သိမ်ကုန်းကျေးရွာများနှင့် မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာမှာ စက်ရေတွင်း ရေငန်သာ ထွက်ရှိသည့်အတွက် ကန်ရေအားထား၍ အသုံးပြုနေရသည့် ကျေးရွာများ ဖြစ်သည်။

“ကန်ရေ ခန်းတာလည်း ကြာပြီ။ ရွာစက်တွင်းက ရေငန်ပဲ ထွက်တယ်။ သောက်လို့ သုံးလို့ မရဘူး။ မိုးကလည်း အခုထိ မရသေးဘူး။ ရွာလည်း တစ်ပေါက် နှစ်ပေါက်ကျပြီး မိုးက ဆက်မရွာဘူး။ ခေါင်မိုးက ရေကို ကျအောင် မရွာသေးဘူး။ ရေအလှူကားတွေဆီ အကူအညီတောင်းပြီး သောက်ရေ အခက်အခဲ ဖြေရှင်းနေရတယ်။ ရေအလှူကားတွေ မအားတဲ့ရက်ဆိုရင် ရေဝယ်သုံးရတယ်။ တချို့လည်း ဒီစက်တွင်း ရေငန်ကိုပဲ မရှိတော့ ကြိတ်မှိတ် သုံးနေရတာ”ဟု မြစ်လှချောင်ကျေးရွာမှ ကိုကျော်ဟိန်းက ပြောကြားသည်။
မိုးခေါင်မှုကြောင့် ကန်ရေခန်းခြောက်ပြီး သောက်သုံးရေ ခက်ခဲနေသည့် ကွမ်းစီကန်ကျေးရွာသို့ ဂါလန် ၄၀၀၀ ၊ မြစ်လှချောင်ကျေးရွာသို့  ရေဂါလန် ၃၀၀၀ ၊ သိမ်းကုန်းကျေးရွာသို့ ရေဂါလန် ၃၀၀၀ နှင့် အိမ်ခြေ များပြားသည့် ကျောက်ဖူးကျေးရွာသို့ ရေဂါလန် ၇၀၀၀ စုစုပေါင်း ရေဂါလံ ၁၇၀၀၀ လှူဒါန်းပေးခဲ့သည်။
“ကျွန်တော်တို့ ရွာက အိမ်ခြေများတယ်။ ဆိတ်မွေး နွားမွေးများတယ်။ ရွာစက်တွင်းက ချိုးရေပဲရတယ်။ အငန်ဓာတ်များတော့ သောက်ရေ မရဘူး။ သောက်ရေအတွက် ကန်ရေသုံးရတယ်။ ကန်ရေခန်းတာလည်း သုံးလလောက်ရှိပြီ။ အခုလို အလှူရှင်တွေရှိလို့ အဆင်ပြေနေတာ။ မိုးကလည်း ခု ၀ါဆိုလထိ မရွာသေးဘူး”ဟု ကိုစန်းထွန်းက ဆိုသည်။
ပခုက္ကူခရိုင်အတွင်း မြိုင် နှင့် ရေစကြိုမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်နေသည့် ကျေးရွာ ၁၀ ရွာခန့်မှာ သြဂုတ် ၈ ရက် ရောက်သည်အထိ မိုးခေါင်မှု ဆက်လက်ကြုံတွေ့နေသည့်အတွက် ရေအလှူကားမှ လှူဒါန်းသည့် ရေချိုအား သုံးစွဲနေရကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင်း ကျေးရွာများမှာ သြဂုတ် ၇ ရက်က  မိုးရွာသွန်းမှုကြောင့် သောက်သုံးရေ အနည်းငယ် ရရှိခဲ့သော်လည်း ပခုက္ကူခရိုင်တွင် မိုးခေါင်မှု ဆက်လက် ကြုံတွေ့နေပြီး ရေဆက်လက် လှူဒါန်းပေးနေရဆဲ ဖြစ်ကြောင်း သိရသည်။
“ညောင်ဦးနယ်မှာတော့ မိုးရေနည်းနည်း ရတယ်။ ကန်ထဲ ရေဝင်လောက်အောင်တော့ မရွာဘူး။ အိမ်ခေါင် သွပ်မိုးကနေကျတဲ့ ရေကို အိုးတွေနဲ့ လှောင်သုံးလောက်အောင်တော့ ရလိုက်တယ်။ တစ်ပတ် ဆယ်ရက်စာလောက်တော့ ရတယ်။ နောက်ရက်တွေ မိုးရွာရင်တော့ အဆင်ပြေမယ် ထင်တယ်။ မိုးပြန်ခေါင်ရင် ရေကပြန်လိုလာမှာ”ဟု ညောင်ဦးမြို့နယ် ခွေးပြုပ်ရွာမှ ကိုအေးဘော် ကဆိုသည်။
ပခုက္ကူဒေသတစ်ဝိုက် မိုးခေါင်မှုကြောင့် ရေငန်သာ ထွက်ရှိသည့် ဒေသများတွင် ရေအခက်အခဲ ကြုံတွေ့နေရသကဲ့သို့ တောင်သူများ၏ မိုးဦးနှင့် မိုးလယ် စိုက်ပျိုးသီးနှံများမှာလည်း ပျက်စီးခဲ့ပြီး သြဂုတ်လ ရောက်သည်အထိ မိုးခေါင်မှု ကြုံတွေ့နေဆဲ ဖြစ်သည်။
မိုးခေါင်မှုကြောင့် ကျေးရွာအများစုမှာ စက်တွင်းကိုသာ အားထား သုံးစွဲနေရပြီး အချိန်ကြာမြင့်စွာ ရေစက် မောင်းနှင်ရသည့်အတွက် စက်ရေတွင်းချို့ယွင်းကာ သောက်သုံး ရေပြတ်လပ်သည့် ကျေးရွာများ ထပ်မံ များပြားလာကြောင်း သိရသည်။   

Eleven Media Group

0 comments:

Post a Comment