Tuesday, August 13, 2019

အစိုးရအိမ်ရာများ စာချုပ်အတုဖြင့် လိမ်လည်ရောင်းချ

အစိုးရကရောင်းချထားသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို စာချုပ်အတုများဖြင့် လိမ်လည်ရောင်းချမှုများ ဖြစ်ပေါ်နေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
တန်ဖိုးနည်းအိမ်ရာ နေထိုင်ခွင့်စာချုပ်များ လိမ်လည်ရောင်းချခြင်းကို စည်ပင်သာယာရေးကော်မတီက တာဝန်ယူရောင်းချသည့် ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်းများကို အိုးအိမ်ဒုတိယဌာနမှူးလက်မှတ်ဖြင့် လိမ်လည်ရောင်းချခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“အခု စာချုပ်အတုနဲ့ အလိမ်ခံနေရပြီး ဌာနမှာလာပြောကြတာက စည်ပင်ကရောင်းချတဲ့ ဗိုလ်ဗထူးအိမ်ရာ။ အဲဒီမှာရောင်းချတဲ့စာချုပ်မှာ ကျွန်တော့် (အိုးအိမ် ဒုတိယဌာနမှူး) နာမည်နဲ့ လက်မှတ်ပါနေတယ်။ သူတို့ပြတဲ့ နေ့စွဲကလည်း ဌာနမှာ အငြိမ်းစားယူထားတဲ့နှစ်ထက် နောက်ကျနေတယ်။ ဒါတွေက ဌာနနှစ်ခုကြား လိမ်ကြတာ”ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး (ငြိမ်း) ဦးမင်းအောင်အေးက ရှင်းပြသည်။

ယခုကဲ့သို့ အစိုးရတိုက်ခန်း ဝယ်ယူခွင့် လိမ်လည်ရောင်းချမှုကို ယခင်က လှိုင်သာယာမြို့နယ်တွင် တည်ဆောက်ထားသည့် ကျန်စစ်မင်းအိမ်ရာတွေလည်း ၂၀၁၅ ခုနှစ်က လိမ်လည်ရောင်းချမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

တိုက်ခန်းဝယ်ယူခွင့် စာချုပ်လိမ်လည်ရောင်းချသူများသည် တိုက်ခန်းတန်ဖိုး၏ Down Payment နှင့် အခန်းတန်ဖိုး၏ ရာခိုင်နှုန်းအလိုက် ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၅၀ အထိ ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ရောင်းချမှုများရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်
The Voice

0 comments:

Post a Comment