Tuesday, August 13, 2019

ရတနာပုံတက္ကသိုလ် ခြေလျင်တောင်တက်အသင်း ဖုန်ကန်ရာဇီရေခဲတောင်ကို တက်မည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲတောင်ကို မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ် ခြေလျင် တောင်တက်အသင်းက လာမည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း တက်ရောက်မည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ခြေလျင် တောင်တက်အသင်းထံမှ စုံစမ်းသိရှိရသည်။
“ပေ ၁၁၉၂၀ ကျော်မြင့်တဲ့ ရေခဲတောင်ကို တက်ရောက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်”ဟု ရတနာပုံတက္ကသိုလ် ခြေလျင်တောင်တက်အသင်းမှ ဆရာဦးလှမင်းဦးက ပြောဆိုသည်။

ရတနာပုံတက္ကသိုလ်ခြေလျင် တောင်တက်အသင်းသည် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြက္ခရွှေတောင်သို့ တက်ရောက်ခဲ့ပြီး အမှိုက်ကောက်ခြင်းကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းကပြောဆိုသည်။

ရတနာပုံတက္ကသိုလ် ခြေလျင်တောင်တက်အသင်းကို ၂၀၀၁ ခုနှစ်၊ ဇွန်လအတွင်းမှစတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အသင်းဝင် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ဦးခန့်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

အဆိုပါအသင်းအနေနှင့် မန္တလေးမြို့အနီးဝန်းကျင်ရှိ မြခနောက်တောင်၊ စိန်ခနောက်တောင်၊ ဗျိုင်းရယ်တောင်၊ ပြဒါးလင်းဂူ၊ ပြက္ခရွှေတောင်နှင့် ပုပ္ပားတောင်မကြီး စသည့်တောင်များကို တက်ရောက်ခဲ့ပြီးလည်းဖြစ်သည်။

ပြီးခဲ့သည့်ဇူလိုင်လ နောက်ဆုံးပတ်အတွင်းကလည်း ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ လွိုင်နမ်းဖတောင်သို့ တက်ရောက်ခဲ့ကြောင်း ရတနာပုံတက္ကသိုလ် ခြေလျင်တောင်တက်အသင်းထံမှ သိရသည်။
The Voice

0 comments:

Post a Comment