Sunday, August 11, 2019

နိုင်ငံတကာ မူးယစ်ဂိုဏ်းမှ ထိုင်ဝမ်လူမျိုးနှစ်ဦးကိုရန်ကုန်တွင် ဖမ်းမိ

တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိနေသည့် သံသယတရားခံ တရုတ် (ထိုင်ဝမ်) လူမျိုးနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖမ်းမိသူ ထိုင်ဝမ်လူမျိုး နှစ်ဦးမှ Chen Ying Chou မှာ ဩစတြေးလျနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်ပို့မည်ဖြစ်ကြောင်း သတင်းရရှိထားသဖြင့် စုံစမ်းရာ ၎င်းမှာ ဟောင်ကောင်မှ ရန်ကုန်သို့ ယခုနှစ် ဇူလိုင် ၃၀ ရက်နေ့က ရောက်ရှိလာပြီး တောင်ဥက္ကလာပရှိ နေအိမ်တစ်အိမ်တွင် ငှားရမ်းနေထိုင်ကြောင်း သိရှိခဲ့သည်။

ဩစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ (AFP) ၏ သတင်းဖလှယ်မှုအရ မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ စုံစမ်းနေသူ ထိုင်ဝမ်နိုင်ငံသား Chen Ying Chou မှာ ဩဂုတ် ၆ ရက်နေ့က တာချီလိတ်မြို့မှ တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်းငှားရမ်းနေထိုင်သော နေအိမ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက် ရှိလာကြောင်း သိရှိသဖြင့် ဩဂုတ် ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ Chen Ying Chou နှင့်အတူ ထိုင်ဝမ်လူမျိုး KuoChia-En နှင့် စကားပြန်ဖြစ်သူ သန်းနိုင် (ခ) ဖြိုးဝေလင်းတို့ကို တွေ့ရှိခဲ့ပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်းငါးသောင်းကျော်ရှိ အိုက်စ် ၇၄ ကီလို၊ လက်ကိုင်ဖုန်း ၅ လုံးနှင့် မော်တော်ယာဉ်များတွင် အသုံးပြုသည့် ကရိုင်းရှပ် ၃၁ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကနဦး စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ကရိုင်းရှပ်များအတွင်း မူးယစ် ဆေးဝါးများကို သိုဝှက်သယ်ဆောင်၍ DHL ပါဆယ်ပစ္စည်း ပို့ဆောင်ရေး လုပ်ငန်းဖြင့် ထိုင်ဝမ်မှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် မရမ်းကုန်းမြို့နယ်ရှိ စက်မှုလက်မှုအလုပ်ရုံတစ်ခု၌ လှည့်ဖွင့်ပိတ်နိုင်သည့် အပေါက်ဖောက် လိုင်းရစ်များဖော်ပြီး နေအိမ်၌ ကရိုင်းရှပ်များ အတွင်းသို့ အိုက်စ်မူးယစ်ဆေးဝါးများအား သိုဝှက်ထည့်သွင်း၍ ဩစတြေးလျ နိုင်ငံသို့ တင်ပို့ရန် ဆောင်ရွက်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် ၎င်းတို့သုံးဦးကို မူး/စိတ် ပုဒ်မ ၁၉ (က)/၂၁ဖြင့် အမှုဖွင့်၍ ကျန်ကွင်းဆက် တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment