Monday, August 12, 2019

ပညာရေးဝန်ထမ်းများ ပါတီအခမ်းအနားများတွင် ပါဝင်ခြင်းမပြုရန် ညွှန်ကြား

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးဝန်ထမ်းများ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများ၊ NGO များနှင့် CSO များ၏ အခမ်းအနားများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်အတွက် အကြောင်းကြားစာကို ဩဂုတ်လဆန်းပိုင်းက ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုကာလအတွင်း အချို့သော နိုင်ငံရေးပါတီ၊ အဖွဲ့ အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှု၊ စည်းရုံးဆောင်ရွက်မှုများ နှင့် အခမ်းအနားများတွင် ပြည် ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းအချို့ ပါဝင်တက်ရောက် နေသည်ကို စိစစ်တွေ့ရှိရကြောင်း အဆိုပါအကြောင်းကြားစာ တွင် ပါရှိသည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေများကို လိုက်နာရန်နှင့် နိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသည့် အခမ်းအနားများနှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများ၊ NGO များနှင့် CSO များ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ စည်းရုံးရေးလုပ်ငန်းများနှင့် အခမ်းအနားများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန် လမ်းညွှန်ချက် အကြောင်းကြားလာသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးဝန်ထမ်းများအားလုံး သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ -(၂၆)၊ ပုဒ်မခွဲ (က)တွင် နိုင်ငံ့ဝန်ထမ်း များသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ -
(၁၀)၊ ပုဒ်မခွဲ(ဆ)ပါ ဝန်ထမ်း များ လိုက်နာရမည့် တာဝန်တွင် ပါတီနိုင်ငံရေးကင်းရှင်းခြင်း ဟုလည်းကောင်း ပြဋ္ဌာန်းထားကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထား သည်။

သတင်း - အိဟေမာ
The Standard Time Daily

0 comments:

Post a Comment