Thursday, August 8, 2019

နယ်စပ်တွင် ပွဲစားများမှတစ်ဆင့် မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ဝယ်ယူနေရာမှ ပြည်တွင်းသို့ ဝင်ရောက်ဝယ်ယူ၍ တရားမဝင် လက်ထပ်မှုများရှိနေ

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ပွဲစားများမှတစ်ဆင့် မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ဝယ်ယူနေ ရာမှ ပြည်တွင်းသို့ဝင်ရောက်ကာ ဝယ်ယူ၍ တရားမဝင် လက်ထပ်မှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြွယ်က ပြောကြားသည်။

သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ပြုလုပ်သည့် ၂၃ ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ရေး၊ မိဘရပ်ထံပြန်လည်အပ်နှံရေး၊ မိသားစုပေါင်းစည်းရေးဆိုင် ရာညှိနှိုင်းအစည်းအဝေးတွင် ရဲမှူးခင်မောင်ကြွယ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အရင်တုန်းက နယ်စပ်ကနေ ပွဲစားကနေ တစ်ဆင့်စောင့်ပြီးတော့ မြန်မာအမျိုးသမီးတွေကို ဝယ်ယူကြတယ်။ အခုကျတော့ ပြည်တွင်းထဲကို ရောက်လာတဲ့ဖြစ်စဉ်တွေရှိ တယ်။ တချို့ကျတော့လည်း ငွေကြေးတစ်ခု တည်းကိုပဲမြင်ပြီးတော့ တရုတ်နဲ့ လက်ထပ်မယ်။ တရုတ်နိုင်ငံကိုလိုက်သွားမယ်။ နောက်ဆက်တွဲစဉ်းစားဖို့ ယူပြီးတဲ့နောက်ပိုင်း ဘယ်လိုနေရမလဲ၊ နောက်ပြီး သားသမီးကိစ္စ။ ဒီဖြစ်စဉ်တွေ အများကြီးပဲ။ ဒါတွေစဉ်းစားရင်တော့ ငွေတစ်ခုတည်းကို သူတို့မကြည့်သင့်ဘူးလို့ မြင်တယ်” ဟု ရဲမှူးခင်မောင်ကြွယ်က ပြော ကြားသည်။
မြန်မာအမျိုးသမီးများကို ပြည်တွင်းသို့ ဝင်ရောက်၍တရားရုံးများ၌ တရားဝင်လက် ထပ်ထိမ်းမြားဝယ်ယူမှုများကြောင့် လူကုန်ကူးမှုဥပဒေနှင့် အရေးယူရန် ခက်ခဲနေကြောင်း၊ ယင်းသို့ ဖြစ်စဉ်မျိုး ၂၀၁၉ ခုနှစ်တွင် ကိုးမှုရှိကြောင်း သိရသည်။
“တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ လူကုန်ကူးတွေက လက်ထပ်ဖို့စေခိုင်းပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုတွေပေါ့။ အဲဒီဟာမှာ အများဆုံးက တရုတ်နဲ့လက်ထပ်ဖို့၊ တရုတ်နဲ့ယူဖို့ပဲ။ တရားဝင်ယူတယ်ဆိုရင် သက်ဆိုင်ရာ ခရိုင်တရားရုံးတစ်ခုကနေ လက်ထပ်ပြီးတော့ တရားဝင်ယူသွားရင်တော့ လူကုန်ကူးမှုဥပဒေနဲ့ အရေးယူဖို့အခက်အခဲရှိတယ်။ မြန်မာအမျိုးသမီးပဲဖြစ်ဖြစ်၊ မြန်မာ နိုင်ငံသားတစ်ယောက်ကို လက်ထပ်မယ်ဆိုရင် ဥပဒေနဲ့အညီလက်ထပ်ဖို့လိုတယ်။ ဒီရန်ကုန်မှာဆိုရင် ၂၀၁၉ ခုနှစ်မှာဆိုရင် ရှစ်ယောက်လောက် ရှိတယ်။ ရန်ကုန်အထိရောက်လာပြီး မြန်မာအမျိုးသမီးနဲ့ လက် ထပ်ထိမ်းမြားဖို့ ပွဲစားတွေနဲ့တစ်ဆင့် ဆောင်ရွက်တယ်။ သံရုံးကို သတင်းပို့တယ်။ လက် ထပ်ဖို့တရားဝင်လုပ်ဆောင်ခြင်းမရှိဘူး။ မရှိတော့ ဒီတရုတ်နိုင်ငံသားတွေကို အရေးယူတယ်။ ဒီလိုအရေးယူတဲ့ဖြစ်စဉ်တွေ ဒီနှစ်ထဲ ကိုးမှုလောက်ရှိတယ်” ဟု ရဲမှူးခင်မောင်ကြွယ်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှုစုစုပေါင်း ၂၃ မှုရှိပြီး အများဆုံးအဖြစ် ရှမ်းပြည်နယ်တွင် ခုနစ်မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်မှု၊ ကချင်ပြည်နယ်တွင် လေးမှု၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နှစ်မှုစီ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် တစ်မှုစီဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သော လူကုန်ကူးမှု ၂၃ မှုအနက် အဓမ္မလက်ထပ်ရန် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု မှာ ၁၉ မှုရှိပြီး ပြည်တွင်းတွင် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုတစ်မှု၊ တရုတ်နိုင်ငံတွင် ပြည့် တန်ဆာအဖြစ်ခိုင်းစေမှုနှစ်မှု၊ တရုတ်နိုင်ငံတွင် အဓမ္မခိုင်းစေရန် လူကုန်ကူးမှုတစ်မှုတို့ ဖြစ်ပွားခဲ့သည်။          

Eleven Media Group

0 comments:

Post a Comment