Tuesday, August 13, 2019

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးခံရစဉ် အကျဉ်းထောင်ထဲတွင် သေဆုံးခဲ့သည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို သတ်သူမှာ ထောင်သားအချင်းချင်းဖြစ်ပြီး လူသတ်မှုဖြင့် တရားစွဲဆိုနိုင်ရန် ရဲတပ်ဖွဲ့ ဆောင်ရွက်နေ

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရစဉ် အကျဉ်းထောင်ထဲတွင် သေဆုံးခဲ့သည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို သတ်သူမှာ ထောင်သားအချင်းချင်းဖြစ်ပြီး လူသတ်မှုဖြင့် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“ထောင်ထဲမှာ သေတာကတော့ မမိစရာမှ မရှိတာ။ အပြင်က ဖြစ်နိုင်ပါ့မလား။ ထောင်သားအချင်းချင်း ဖြစ်ကြတာပါ။ အမှုကတော့ လူသတ်မှုနဲ့ ဖွင့်ပြီးသားမို့ စစ်ဆေးပေါ်ပေါက်ချက်အရ တရားစွဲရမှာပေါ့” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီးမျိုးအောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းသည် ဖမ်းဆီးခံရပြီး ဇွန် ၃ ရက်တွင် အကျဉ်းထောင်သို့ ရောက်ရှိကာ ဇွန် ၅ ရက်တွင် ထောင်အတွင်း သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က အရက်ကြောင်၍ အဖျားကြီး သေဆုံးရခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့သည်ဟု သိရသည်။
စုံစမ်းစစ်ဆေးချက်များအရ အကျဉ်းကျနေသူတစ်ဦးက ရိုက်နှက်သဖြင့် အဆိုပါဒဏ်ရာဖြင့် သေဆုံးရခြင်း ဖြစ်သည်ဟု မန္တလေး အိုးဘိုအကျဉ်းထောင် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“စစ်ဆေးပေါ်ပေါက်ချက်တွေအရ အကျဉ်းသားအချင်းချင်း ဖြစ်တယ်လို့ သိရတယ်။ အကျဉ်းသား တစ်ယောက်က လက်သီးနဲ့ထိုးတာ။ သေဆုံးသွားတဲ့သူက အရင်စနောက်တယ်လို့ပြောတယ်။ အဲဒီမှာ အကျဉ်းသားက မခံနိုင်ဘဲ ပေတံနဲ့ရိုက်၊ လက်သီးနဲ့ ထိုးတယ်လို့ ပြောတယ်။ ချက်ကောင်းထိသွားပုံရတော့ ချက်ချင်းမသေဘဲ တမြည့်မြည့် သေသွားတာပေါ့။ အခု သူက သူလုပ်တယ်လို့ ဝန်ခံတာပေါ့နော်။ ပုဒ်မ ၃၀၂ နဲ့ တရားစွဲဖို့ လုပ်နေတယ်” ဟု အိုးဘိုအကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ဆိုသည်။
ထိုကဲ့သို့ ကိုထွန်းမြင့်ဝင်းကို သေဆုံးသည်အထိ ပြုလုပ်ခဲ့သူမှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသူ ဖြစ်သည်ဟုလည်း သိရသည်။
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံ ၅၀ ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ငြိမ်းစုစီပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ မျိုးစုံတို့ဖြင့် အမှုတွဲ အသီးသီးခွဲ၍ အမှုဖွင့်ထားကြောင်း၊ တချို့ကိုလည်း ဖမ်းဆီးထားပြီး ထောင်ဒဏ်ချမှတ်ပြီးစီးမှုများ ရှိသလို လက်ကျန်အမှုများကိုလည်း ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment