Tuesday, August 13, 2019

မဒေါက် ရေဘေးရှောင်စခန်းများ ပိတ်သိမ်

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းခြင်းမရှိသေးသော်လည်း စိုးရိမ်ဖွယ်အနေထားမရှိတော့သဖြင့် ရေဘေးရှောင်စခန်းများကို သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် ပိတ်သိမ်းခဲ့ကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
ယင်းမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံက “ရေဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်ခဲ့ရတဲ့ လူဦးရေ ၉၀၀၀ ကျော်ရှိပါတယ်။ အခုအားလုံး မိမိတို့နေအိမ် ပြန်ကုန်ပြီ။ စခန်းတွေလည်း အကုန်ပိတ်လိုက်ပြီး ထိခိုက်ပျက်စီးမှုမရှိတဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း မရှိပါဘူး” ဟု ပြောကြားသည်။

သီတင်းတစ်ပတ်ခန့် ရေကြီးခဲ့သော ညောင်လေးပင်မြို့နယ် မဒေါက်မြို့ မြို့ပေါ်ရပ်ကွက်များတွင် ရေဘေးရှောင်စခန်းလေးခု ဗဟိုကွပ်ကဲရေးစခန်းတစ်ခုနှင့် ကျေးရွာများတွင်ကိုးခု စုစုပေါင်း ၁၄ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၁၇၈၁ စု၊ လူဦးရေ ၉၂၉၂ ယောက်ကို ရွှေ့ပြောင်း၊ ကူညီပေးခဲ့ရကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့များထံမှသိရသည်။

ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် မဒေါက်မြို့များတွင် သြဂုတ် ၅ ရက်မှပြီး ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခဲ့ပြီး သြဂုတ် ၁၀ ရက်အထိ ရေဘေးသင့်ဦးရေ ၁၆,၀၀၀ ကျော်ကို တိုင်းအစိုးရအဖွဲ့နှင့် အရပ်ဖက်အဖွဲ့များ၊ စေတနာရှင်များက ကူညီထောက်ပံ့ပေးခဲ့သည်။

ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “ရွှေကျင်မှာ ရေဘေးစခန်းအချို့က အိမ်ထောင်စုတွေ နေရပ်ပြန်ကုန်ပြီ၊။ စာရင်းတွေ လုပ်နေတုန်းဆိုတော့ ကိန်းဂဏန်း အတိကျမရသေးဘူး။ စခန်းအကုန်ပိတ်လို့တော့ မရသေးဘူး၊ အနိမ့်ပိုင်းရပ်ကွက်အချို့မှာ ရေရှိသေးတယ်” ဟု ပြောကြားသည်။

သြဂုတ် ၁၄ ရက်၊ နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာ အထက်ကို ကျော်လွန်ကာ ၁၁၄၆ စင်တီတီမီတာ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာအောက် ၆၆၆ စင်တီမီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် မဒေါက်မြို့များသည် ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ကမ်းဘေးတွင်တည်ရှိပြီး လူဦးရေ ၃၀၀၀၀ ကျော်ခန့်ရှိပြီး နှစ်စဉ် မိုးရာသီကာလ ရေကြီးမှုနှင့်ကြုံတွေ့ရလေ့ရှိပြီး မဒေါက်သည် ယမန်နှစ် မိုးရာသီက နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုနှင့်ကြုံတွေ့ခဲ့သည်။

The Voice

0 comments:

Post a Comment