Monday, August 12, 2019

ရန်ကုန်တွင် မိုးများ၍ ရေကြီးနိုင်သဖြင့် ရေတံခါးများ စောင့်ကြည့်ဖွင့်ပိတ်ရန် ညွှန်ကြား


ရန်ကုန်မြို့တွင် ဩဂုတ်လ ၁၅ ရက်နေ့ (လပြည့်နေ့) ၌ မိုးများ၍ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သောကြောင့် စည်ပင်နယ်နမိတ်အတွင်းရှိ မြို့နယ်များအနေနှင့် ရေတံခါးများကို စနစ်တကျ စောင့်ကြည့် ဖွင့်ပိတ်ပေးကြရန် ရန်ကုန်မြို့တော်ဝန်က ညွှန်ကြားထားကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌများထံမှ သိရသည်။
ဒီရေတက်ချိန်တွင် ရေတံခါးပိတ်ထားချိန်မှာ လေးနာရီခန့်ကြာမြင့်သောကြောင့် မိုးကြီးလျှင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် မြို့နယ်များရှိ ရေတံခါးဖွင့်ချိန်၊ ပိတ်ချိန်ကို ဩဂုတ် ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ စောင့်ကြည့်ရန် ရန်ကုန်မြို့တော်ဝန်က ထုတ်ပြန်ကြေညာထားသည်။

“၁၁ ရက်နေ့က မြို့တော်ဝန် ခေါ်ပြောတာက ဒုတိယအကြိမ်ပါ။ ပထမအကြိမ် ထူးကဲဒီရေတက်မယ် ပြောကတည်းက သေချာပြင်ဆင်ထားပါတယ်။ ရေတံခါး ၁၂ ခုလုံး ကောင်းပါတယ်။ ရေကြီးရေလျှံမှုဖြစ်မယ်ဆိုရင် တာဖို့ရမယ့်နေရာတွေလည်း တာဖို့ထားပါတယ်။ လပြည့်နေ့မှာ ရေကြီးမှာဖြစ်တဲ့အတွက် မြို့နယ်စည်ပင်အနေနဲ့ သေချာပြင်ဆင်ထားပါတယ်”ဟု တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တော်ဝန်က ယခုလက်ရှိတွင် ရာသီဥတုဆိုးရွားပြီး မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြို့နယ်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အများပြည်သူ အခက်အခဲ မရှိစေရေး အားသွန်ခွန်စိုက် ရှင်းလင်းဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် အများပြည်သူ အကြည်ညိုမပျက်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စေတနာထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားကြောင်း သိရသည်။

“ဆိပ်ကမ်းမြို့နယ်မှာလည်း လပြည့်နေ့မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်တဲ့အတွက် ရေတံခါးတွေကိုလည်း သေချာစစ်ဆေးထားပါတယ်။ ရေကြီးရေလျှံမှု ဖြစ်လာပါကလည်း အချိန်မီဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားပါတယ်”ဟု ဆိပ်ကမ်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှသန်းကဆိုသည်။

ရန်ကုန်မြို့တွင် ဩဂုတ်လ ၇ ရက်က အချိန်တိုအတွင်း မိုးများစွာရွာသွန်းခဲ့ခြင်းကြောင့် ရန်ကုန်မြို့တွင်း ဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များ၏ လမ်းမကြီးများနှင့် နေအိမ်များသို့ ရေများ ၁ ပေကျော်ခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
The Voice

0 comments:

Post a Comment