Tuesday, August 13, 2019

ဆော်ဒီဘုရင်နှင့် ယူအေအီးအိမ်ရှေ့စံ ယီမင်နိုင်ငံတွင်း အခြေအနေ ဆွေးနွေး

ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန်ဘင် အဘ်ဒယ်လာဇစ်နဲ့ အိမ်ရှေ့စံ မိုဟမ်မက်ဒ် ဘင် ဆယ်လ်မန်တို့ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက အိမ်ရှေ့စံ ရှိတ်ခ် မိုဟမ်မက်ဒ် ဘင် ဇာယက်ဒ် အယ်လ် နေဟန်နဲ့ သြဂုတ် ၁၂ ရက်က တွေ့ဆုံပြီး ယီမင်နိုင်ငံတွင်း အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ အစိုးရရုပ်သံ Saudi TV က ပြောပါတယ်။

အရင်က ဟူသီသူပုန်တွေကို စစ်ဆင်ရေးမှာ တောင်ပိုင်း ခွဲထွက်ရေးသမားတွေဟာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်နဲ့ မဟာမိတ်အဖြစ် အတူတိုက်ပွဲဝင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ မဟာမိတ်ချင်း ပြန်တိုက်ခိုက်နေခဲ့ကြပါတယ်။
စစ်ရေးပြအခမ်းအနားတခု ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုမှာ ယီမင်သမ္မတ အက်ဘ်ဒယ် ရာဘူ မန်ဆော် ဟာဒီနဲ့ ဆက်နွှယ်တဲ့ အစ္စလာမ္မစ်ပါတီတခုလည်း ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေတယ်လို့ ခွဲထွက်ရေးသမားတွေက စွပ်စွဲပြီးတဲ့နောက် သြဂုတ် ၇ ရက်နေ့မှာ တိုက်ပွဲ စတင်ခဲ့တာပါ။
ယူအေအီးနိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ တောင်ပိုင်း ခွဲထွက်ရေးသမားတွေက အေဒင်မြို့ကို သိမ်းခဲ့ပါတယ်။
အစိုးရအဆောက်အဦတွေကို မတိုက်ဖို့ ဆော်ဒီအစိုးရရဲ့ ဆော်သြချက်ကို တောင်ပိုင်း ခွဲထွက်ရေး သမားတွေက ဆန့်ကျင် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက် ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်က အေဒင်မြို့ထဲမှာ ကြားဝင် ဖျန်ဖြေအပြီးမှာ ခုလို ဆွေးနွေးကြတာပါ။
အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ဟူသီတွေက ယီမင်မြို့တော် ဆာနာနဲ့ နိုင်ငံအတွင်း လူအထူဆုံး နေရာတွေကို ထိန်းချုပ်ထားပါတယ်။
ယီမင်နိုင်ငံအတွင်း စစ်ပွဲအများစုအတွက် ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိက စစ်ဘက်မဟာမိတ် ယူအေအီးဟာ ဇွန်လကတည်းက သူ့တပ်တွေကို ပြန်ဆုတ်သွားခဲ့ပါတယ်။
မဟာမိတ်ပျက်မှုကြောင့် ဘုံရန်သူ ဟူသီနဲ့ အီရန်တို့ အားတက်စေနိုင်တာမို့ ဆော်ဒီနဲ့ ယူအေအီး အုပ်ချုပ်သူတွေ ဆွေးနွေးတာဟာ မဟာမိတ်ပျက်မှု ရပ်တန့်ရေး ကြိုးစားဖို့ ဖြစ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ် ဖော်ပြနေပါတယ်။
DVB

0 comments:

Post a Comment