Monday, August 12, 2019

တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာအုပ်စုပေါင်း ၂၂ စုမှ အိမ်ခြေပေါင်း ၃၀၀၀ ကျော် ရေနစ်မြုပ်နေ

တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့တွင် ရေကြီးနစ်မြုပ်နေစဉ်
တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာအုပ်စုပေါင်း ၂၂ စုမှ အိမ်ခြေပေါင်း ၃၀၀၀ ကျော် ရေနစ်မြုပ်နေကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း စီးဆင်းနေသည့် တနင်္သာရီမြစ်ရေမှာ ပြီးခဲ့အပတ်မှ စတင်ကာ ရေကြီးမှုဖြစ်လာပြီး ယခုအခါ အန္တရာယ်ရေအမှတ် ၂၄ ပေကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့နှင့် မြစ်ကြောင်းစီးဆင်းရာ ဒေသတစ်လျှောက်ရှိ ကျေးရွာများစွာ ရေနစ်မြုပ်မှု ခံစားနေကာ လူဦးရေအားဖြင့် ၁၇၀၀၀ ကျော် ရေဘေးဒုက္ခ ခံစားနေရကြောင်း သိရသည်။
“အိမ်ခြေ စုစုပေါင်း ၃၀၀၀ ကျော်လောက် ရေနစ်မြုပ် ခံစားနေရတယ်။ လူဦးရေအားဖြင့် ၁၇၀၀၀ ကျော် ဘေးဒုက္ခ ခံစားနေရတယ်လို့ စာရင်းကောက်ယူထားပါတယ်။ လက်ရှိအနေနှင့် မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း လေးခုနှင့် ရပ်/ကျေးတွေမှာ ကယ်ဆယ်ရေးစခန်း သုံးခု နှင့် ဖွင့်လှစ် ဆောင်ရွက်ပေးထားပါတယ်။ ထောက်ပံ့မှုအနေနှင့် ခရိုင်သဘာဝဘေးစီမံဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ လက်ရှိမြို့နယ်မှာလည်း သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းပြီး ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးနေပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။ ကယ်ဆယ်ရေးအနေနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကူညီပေးမှုလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။ မြို့ပေါ်က ကယ်ဆယ်ရေးစခန်း  လေးခုမှာတော့ ကျန်းမာရေးဦးစီးဌာနက ယာယီ ဆေးပေးခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ နယ်ဘက်တွေမှာလည်း တပ်မတော် နယ်လှည့်ဆေးကုသတဲ့ အဖွဲ့တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်။ အခက်အခဲက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတဲ့ နေရာတွေမှာ အများသုံး အိမ်သာတွေ လိုအပ်နေတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ဆက်လက် ဆောင်ရွက်ပေးရမယ့်အပိုင်းပါ။ ရပ်/ကျေးအဖွဲ့တွေကို ကျွန်တော်တို့ အမြဲတမ်း ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် သတိပေး တပ်လှန့်ထားပါတယ်။ အချိန်နှင့်တစ်ပြေးညီ ကူညီပေးဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှာလည်း စပိဘုတ် သုံးစင်းရှိတယ်။ တပ်မတော်မှာလည်း စက်လှေ ၁၅ စင်း အရန်သင့် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” ဟု တနင်္သာရီမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက ပြောကြားသည်။
တနင်္သာရီမြစ်ရေကြီးမှုကြောင့် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းအပိုင်းရှိ မော်တုန်း (အမြောက်တပ်)၊ ဥယျာဉ်ကမ်း၊ အောက်ကင်း၊ လယ်တောင်ယာ စသည့် နေရာများတွင် ကားလမ်း ရေကျော်မှုများ ဖြစ်ပွားနေကာ ဆက်သွယ်သွားလာမှု ပြတ်တောက်နေကြောင်း သိရသည်။
“၈ ရက်နေ့ကတည်းက အိမ်ပေါ်ကို ရေတွေ ရောက်လာတယ်။ ပစ္စည်းတွေ ကောက်သိမ်းလုပ်ရင်းနှင့်ပဲ ရေက ထပ်ကြီးလာတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ပစ္စည်းတွေ ကူသယ်ကြတယ်။ ကယ်ဆယ်ရေးစခန်းကို ခေါ်လာပြီး နေရာထိုင်ခင်းတွေ၊ စားသောက်စရာတွေ စီစဉ်ပေးခဲ့ပါတယ်။ ဒီမှာနေရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ အိမ်ကိုတော့ မကြာခဏ ပြန်သွားကြည့်နေရတယ်။ ရေက ထပ်ကြီးရင် အိမ်က ပေါ်တက်ပြီး ရေထဲမျောပါသွားရမှာကိုလည်း စိုးရိမ်နေတယ်။ မရှိ ဆင်းရဲသားတွေမှာကလည်း ရေကြီးနေလို့ အလုပ်လုပ်လို့ မရဘူး။ အခက်အခဲတွေတော့ ရှိပါတယ်။ စားဖို့သောက်ဖို့ကတော့ လာရောက် ဖြည့်ဆည်းပေးနေလို့ အဆင်ပြေပါတယ်။ ပစ္စည်းတွေ ယူလို့မမီလို့ မျောပါသွားတာတွေ ရှိတယ်” ဟု တနင်္သာရီမြို့နယ်မှ ရေဘေးသင့်နေသူ မအုန်းမွေးက ပြောကြားသည်။
တနင်္သာရီမြစ်ရေကြီးမှုကြောင့် နှစ်နှစ်အရွယ် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ရပြီး မော်တုန်းရွာတွင် တစ်ဦး၊ မရင်းကြီးရွာတွင် တစ်ဦးဖြစ်ကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းနေမှုများကြောင့် တောင်ပြိုကျမှုများလည်း ဖြစ်ပွားနေရာ တကူ-ဇဝဲကားလမ်းပေါ်ရှိ ကိုးမိုင်တောင်မှာ မြေပြိုကျကာ လမ်းပြတ်ထွက်သွားပြီး မြိတ်မှ တညက်ကျေးရွာသို့သွားသည့် တောင်ရှည်တံတားမှာလည်း ရေစီးအားကြောင့် ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။
ရေကြီးမှုဖြစ်ပွားရာ နေရာများတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ဒေသခံများမှ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသလို စေတနာရှင်များက ကယ်ဆယ်ရေးပစ္စည်းများကို လှူဒါန်းပေးနေကြကြောင်း သိရသည်။  

Eleven Media Group

0 comments:

Post a Comment