Tuesday, August 13, 2019

ဟောင်ကောင်လေဆိပ်ကို ဆန္ဒပြသူများ ထပ်မံပိတ်ဆို့ရန်ကြိုးပမ်း၊ ဟောင်ကောင်ကို ချောက်ထဲတွန်းမချရန် အစိုးရခေါင်းဆောင် သတိပေး

ဟောင်ကောင်လေဆိပ်တွင် ဒီမိုကရေစီရေးလှုပ်ရှားသူများ၏ ပိတ်ဆို့ ဆန္ဒပြမှုကြောင့် လေကြောင်းခရီးစဉ်များဖျက်သိမ်းခဲ့ရပြီးနောက်တစ်နေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်တွင် လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ခဲ့သော်လည်း နေ့ခင်းပိုင်း၌ ချီတက်ဆန္ဒပြသူများ ပြန်လည်ရောက်ရှိလာပြီး ထပ်မံပိတ်ဆို့ဆန္ဒပြကြရန် တိုက်တွန်းခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
လတ်တလောဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့်ပတ်သက်၍ ဟောင်ကောင်အုပ်ချုပ်ရေးမှူးမစ္စကာရီလမ်က ဟောင်ကောင်ကို ချောက်ထဲသို့ကျအောင် တွန်းမချကြရန် ဆန္ဒပြသူများအား သတိပေးလိုက်သည်။

ဟောင်ကောင်ကို ချောက်ထဲတွန်း မချကြရန် အစိုးရခေါင်းဆောင် ကာရီလမ်က ဆန္ဒပြသူများအား သတိပေး ပြောကြားလိုက်သည်။

မစ္စကာရီလမ်က ဟောင်ကောင်သည် အန္တရာယ်ကြီးသော အနေအထားသို့ရောက်နေကြောင်းနှင့် အကြမ်းဖက်မှုများက ပြန်လမ်းမရှိသော လမ်းပေါ်သို့ တွန်းပို့နေကြောင်း သတိပေးပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ပါးနပ်စွာရှောင်ရှားခဲ့သူ ကာရီလမ်သည် သတင်းထောက်များ၏ အော်ဟစ်ကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ဟောင်ကောင်လူထု၏ အုံကြွမှုများသည် သီတင်းဆယ်ပတ်ခန့်ရှိလာပြီဖြစ်သော်လည်း လျော့ပါးသွားမည့်ပုံမရှိသေးပေ။
ဆန္ဒပြမှုများသည် အစပိုင်းက ပြည်မကြီးသို့ တရားခံလွှဲပြောင်းမည့် ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ဟောင်ကောင်ကျွန်း ရရှိထားသောရပိုင်ခွင့်များ ပွန်းပဲ့လာတော့မည့်အရေးကို စိုးရိမ်မှုကြောင့် ဒီမိုကရေစီတောင်းဆိုသော လှုပ်ရှားမှုအဖြစ် ကူးပြောင်းသွားခဲ့သည်။

အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲတွင် မျက်ရည်ဝဲနေပုံရသော ကာရီလမ်က သဘောကွဲလွဲမှုများကို ဘေးဖယ်ထားကြရန် ဆန္ဒပြသူများအား တောင်းဆိုလိုက်ပြီး ဟောင်ကောင်ကျွန်း ချောက်ထဲကျသွားသည်ကို တကယ်မြင်ချင်ကြသလားဟု မေးမြန်းခဲ့သည်။

မစ္စကာရီလမ်၏ သတိပေးစကားများသည် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ဟောင်ကောင်ချောက်ထဲသို့ ကျသွားတော့မည်ဟု အလားတူ သတိပေးထားသူ ဟောင်ကောင်ရှိပြည်မကြီး ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ၏ ပြောဆိုပုံနှင့်ပင် တူညီနေသည်။

ကာရီလမ်က ရဲများ၏ တုံ့ပြန်ကိုင်တွယ်ပုံကို ကာကွယ်ပြောဆိုခဲ့ပြီး ရဲများသည် အလွန်အမင်း ခက်ခဲသော အခြေအနေတွင် ကျရောက်နေခြင်းဖြစ်သည်ဟု ပြောကြားသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်ရက် ဆန္ဒပြပွဲများတွင် ရဲများက အသက်အန္တရာယ် မဖြစ်နိုင်သော ကျည်များဖြင့် အနီးကပ် ပစ်ခတ်ခဲ့သည်ကို ပြည်တွင်းမီဒီယာများက မှတ်တမ်းတင်နိုင်ခဲ့သည်။

ဘူတာရုံတွင် မျက်ရည်ယို ဓာတ်ငွေ့ကျည်များဖြင့် မပစ်မီရဲများက အတင်း ဝင်ရောက်ကာ နံပါတ်တုတ်များဖြင့် ရိုက်နှက်ခဲ့ပုံများကိုလည်း သတင်းဗီဒီယိုများတွင် တွေ့မြင်ရသည်။

“ရဲတွေရဲ့ကိုင်တွယ်မှုကို ကျွန်မလို တာဝန်ရှိသူက ဆုံးဖြတ်ပေးလို့ မရပါဘူး။ ရဲတွေဟာ နေရာမှာတင်ပဲ ဆုံးဖြတ်လုပ်ဆောင်ကြရတာပါ”ဟု ကာရီလမ်က ပြောကြားသည်။

“အကြမ်းဖက်မှုတွေ၊ မငြိမ်သက်မှုတွေ လျော့သွားတဲ့အချိန်ကျရင် ဟောင်ကောင်စီးပွားရေးကို ပြန်လည်တည်ဆောက်ဖို့၊ ဟောင်ကောင်ပြည်သူတွေရဲ့ မကျေလည်မှုတွေကို နားထောင်ဖို့နဲ့၊ ဟောင်ကောင်ကို ရှေ့ဆက်သွားနိုင်အောင် ကူညီဖို့ ကျွန်မ တာဝန်ယူမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဟောင်ကောင်သည် ပြည်မကြီး၏ လက်အောက်ခံဒေသဖြစ်သော်လည်း ဗြိတိန်ထံမှ လွှဲပြောင်းလက်ခံခဲ့စဉ်အချိန်က လက်မှတ်ထိုးခဲ့သော သဘောတူညီချက်များအရ သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် အပါအဝင် ပြည်မကြီးထက် ပိုမိုလွတ်လပ်သော အုပ်ချုပ်စီမံခွင့်များကို ရရှိထားသည်။

The Voice

0 comments:

Post a Comment