Wednesday, August 7, 2019

ဆင်းမ်ကတ်များ အလကားပေးခွင့်မရှိဟု ပို့/ဆက် ဒုဝန်ကြီးပြော

Image may contain: 1 person, sitting
ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ဆင်းမ်ကတ်များအား အလကားပေးခွင့်မရှိသော်လည်း အလကားပေးကာ ပြိုင်ဆိုင်မှုကို ဆန့် ကျင်သည့် ဥပဒေနှင့် ငြိနေသည့်ကိစ္စများ ရှိနေကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသာဦးက ပြော ကြားသည်။

သြဂုတ် ၆ရက် နံနက်၁၀နာရီက ပြုလုပ်ခဲ့သော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို နိုင်ငံသားမှတ်ပုံတင် မူရင်း ဖြင့်သော် လည်းကောင်း၊ Biometric စနစ်ဖြင့်သော် လည်းကောင်း မှတ်ပုံတင်ခြင်းပြုလုပ်မည့် အစီအစဉ်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် ဆက်စပ်မေးခွန်းအား ပြန် လည်ဖြေကြားရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
"အလကားပေးပြီးတော့ ပြိုင်ဆိုင်မှုကို ဆန့်ကျင်တဲ့ Competion Law နဲ့ ငြိနေတဲ့ ကိစ္စတွေရှိပါတယ်။ ဒါက လည်း ကျွန်တော်တို့ Facebook မှာရော Website မှာရော သိပြီးသားဖြစ်မှာပါ။ ဒီလိုမျိုး အလကားပေးခွင့်မရှိပါဘူး။ ဥပဒေ ကလည်း တန်ဖိုးရှိတာကို အလကားပေးခွင့်မရှိပါဘူး"ဟု ဒု-၀န်ကြီးက ပြောဆိုသည်။ထို့ကြောင့် ယင်းကိစ္စများအား သေချာစစ်ဆေး၍ ဥပဒေအရ ဖြေရှင်းခွင့် ပေးကာ အပြစ်တွေ့ရှိပါက ကျပ်သန်း ၃၀၀အထိ ဒဏ်တပ်ရိုက်ကြောင်း ၎င်းက ပြောဆိုသည်။
"သက်ဆိုင်ရာ အော်ပရေတာတွေက သူတို့ Brand Shop ကလုပ်တာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ လက်လီရောင်းတဲ့ ဆိုင်တွေက သီးခြားရောင်းတာ။ သူတို့သဘောနဲ့ သူတို့လုပ်တာ။ တာဝန်မယူတာကတော့ တစ်ပိုင်းပေါ့။ ဒါပေမဲ့ သူတို့ Brand Shop ကလုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က သေချာစိစစ်တယ်။ သူတို့ကို ဖြေရှင်းခွင့်ပေး တယ်။နောက်ဆုံးအပြစ်တွေ့တယ်။ ဥပဒေအတိုင်း လုပ်တယ်။ နောက်ဆုံး သန်း ၃၀၀ ဒဏ်ရိုက်ပါတယ်"ဟု ဒု-၀န်ကြီး ဦးသာဦးက ပြောဆိုသည်။
ထိုသို့ ဒဏ်တပ်ရိုက်ခြင်းသည်လည်း လိုင်စင်ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက တစ်နှစ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းအထိ အများဆုံးဒဏ်ရိုက်ရမည်ဖြစ်သောကြောင့် လုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မေးခွန်းမေးမြန်းရခြင်းမှာလည်း ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် မှတ်ပုံတင်မိတ္တူအမြောက်အမြားကို မှတ်ပုံတင်နေခြင်း၊ နံပါတ်များကို ရှေ့၊ နောက်လွှဲ၍ မှတ်ပုံတင်ခြင်း၊ ဆင်းမ်ကတ်များကို အလကားပေးဝေနေခြင်း၊ အဆမတန်လျှော့ရောင်း ခြင်း စသည့်ဖြင့် တည်ဆဲဥပဒေကို ချိုးဖောက်နေသောကြောင့် ဖြစ်ကြောင်း ဒေါ်အေးမြမြ မျိုးက ပြောဆိုသည်။
၂၀၁၆ ခုနှစ်ကတည်းက ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန်အတွက် ညွှန်ကြားထား သော်လည်း မှတ်ပုံတင် မိတ္တူများ၊ မသမာမှုနည်းများဖြင့် ရှေ့ နောက်လွှဲပြီးတင်လာသည့် အမှန်တကယ် Approve ဖြစ်သည်မှာ ၁၁ရာခိုင်နှုန်းခန့်သာရှိပြီး ကျန် ၈၉ ရာခိုင်နှုန်းမှာ ဈေးကွက်ထဲတွင် အသုံးပြုခွင့်ရနေခြင်းဖြစ်ကြောင်း သိရသည်။
"မိမိရဲ့ မှတ်ပုံတင်နံပါတ်နဲ့ အခြားတစ်ယောက်ကနေပြီးတော့ တလွဲသုံးမယ်ဆိုရင် ဒါတရားဥပဒေစိုးမိုးရေးအတွက် အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်"ဟု ဒေါ်အေး မြမြမျိုးက ပြောဆိုသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ အခန်း(၁၁)တွင် ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ် ဆောင်ချက်များကို တားမြစ်ခြင်း အခန်းပုဒ်မ-၃၅၊ ၃၆တို့တွင် လုပ်ငန်းလိုင်စင်ရရှိထားသူ သည် ဆက်သွယ်ရေး ဈေးကွက်အတွင်း လွတ်လပ်စွာ ပြိုင်ဆိုင်မှု သဘော သဘာဝကို ပျက်ပြားစေသည့် မည်သည့် လုပ်ဆောင်ချက်မျိုးကိုမျှ လုပ်ဆောင်ခြင်း မပြုရဆိုသည့် တားမြစ်ထားတာရှိသော်လည်း လက်ရှိဈေးကွက်ထဲတွင်ဆင်းမ်ကတ်သုံးခုကို တစ်ထောင် နှင့် 1MB အလကားပေးပြီး ရောင်းချနေခြင်းသည် ဥပဒေကို လှောင်နေသည်ဟု ခံစား ရကြောင်း ဒေါ်အေးမြမြမျိုးက ပြောဆိုသည်။
"ကျွန်မတို့မှာ ဒီလိုမျိုးဆင်းမ်ကတ်တွေကို ဈေးကွက်ထဲမှာ ပေါပေါသီသီဝယ်လို့ရ နေ တာတွေက တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာပါတယ်။ ဒီလိုမျိုး တရားဝင်မှတ်ပုံတင် ထားတဲ့ ဆင်းမ်ကတ်တွေ မဟုတ်ဘဲနဲ့ ဒီလိုမျိုးဆင်းမ်ကတ်တွေ အသုံးပြုပြီး တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း စတဲ့လူမှုရေး ပြဿနာတွေ နိုင်ငံတော်လုံခြုံရေးအထိပါ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမုန်းစကား ဖြန့်ဝေခြင်းတွေ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေရာမှာ မသမာမှုပြုလုပ်လာတာမျိုးတွေ၊ လူမှုကွန်ရက်ပေါ်မှာ Cyber Bully တွေ ပြုလုပ်ခံရ တာမျိုးတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်တဲ့အခါ မှာ အစွန်းရောက်လှုံ့ဆော် ရေးသားမှုတွေက ထောက်လှမ်းခြေရာ ခံတဲ့အခါမှာ အခက်အခဲတွေ များစွာဖြစ်ပေါ်နေမှာဖြစ်ပါ တယ်"ဟု ၎င်းက ပြောဆိုသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ခုနှစ် သြဂုတ်လမှ စတင်၍ SIM Card မှတ်ပုံတင်ခြင်းကို သတ်မှတ်ထားသော ID မိတ္တူနှင့် အချက် အလက်များဖြည့်စွက်၍ ၂၀၁၇ ခုနှစ် မတ် ၃၁ရက် နောက်ဆုံးထား၍ မဖြစ်မနေပြုလုပ်ရန်၊ စနစ်တကျမှတ်ပုံ တင်သုံးစွဲခြင်းမရှိသော SIM Card များအား ယာယီပိတ်သိမ်းမည်ဖြစ် ကြောင်း အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၇ခုနှစ် မတ် ၃၁ ရက်အထိ စနစ်တကျမှတ်ပုံတင်ထားခြင်း မရှိ ခဲ့သော SIM Card ၈ ဒသမ ၆၈ သန်းကို ယာယီပိတ်သိမ်းခဲ့ပြီး ယာယီပိတ်သိမ်းထား သော SIM Card များ ဆက်လက်မှတ်ပုံတင်ခြင်းကို နောက်ထပ် သုံးလခွင့်ပြုခဲ့ရာ သတ်မှတ်ကာလကုန်ဆုံးသည့် ဇူလိုင် ၁ ရက်တွင် စနစ်တကျ မှတ်ပုံတင်ခြင်းမရှိသော SIM Card စုစုပေါင်း ၆ ဒသမ ၆သန်းခန့်အား အပြီးပိတ်သိမ်းခဲ့ကြောင်း ဒု-၀န်ကြီး ဦးသာဦးက ပြောဆိုသည်။
"အားလုံးကိုစနစ်တကျနဲ့ လုံလုံခြုံခြုံ နိုင်ငံတော်လုံခြုံရေးအတွက်ရော၊ သုံးစွဲတဲ့သူ တွေလုံခြုံရေးအတွက်ပါ ကျွန်တော်တို့ ဘိုင်အိုမက်ထရစ်စနစ်ပြီးမှပဲ စိတ်ချရမှာဖြစ်ပါ တယ်}ဟု ၎င်းင်းက ပြောဆိုသည်။
SIM Card မှတ်ပုံတင်ခြင်းကို Biometric နှင့် သတ်မှတ်ထားသောအချက် အလက်များဖြင့် စတင်ဆောင်ရွက်နိုင်ရန် Common Database စနစ်ကို ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Common Database စနစ်ဖြင် SIM Card အသစ်ဝယ်ယူမှုများကို မှတ်ပုံတင်ခြင်းစတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိမှတ်ပုံတင်ထားသည့် SIM Card များကိုလည်း အချိန်ကာလတစ်ခုသတ်မှတ်၍ Biometric စနစ်ဖြင့် ပြန်လည်မှတ်ပုံ တင်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မင်းမင်းထွန်း

0 comments:

Post a Comment