Wednesday, August 7, 2019

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် အထက်တွင်ရှိနေပြီး ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခု၌ ရေဘေးသင့်ပြည်သူ ၆၆၀၀ ကျော် ခိုလှုံနေရဆဲဖြစ်

ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်း တစ်ခုတွင် ရေဘေး ခိုလှုံနေသူများအား သြဂုတ် ၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်
သံလွင်မြစ်ရေသည် သြဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီ တိုင်းထွာချက်အရ ၎င်း၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၁၅ စင်တီမီတာတွင် ရှိနေကာ ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခု၌ ရေဘေးသင့်ပြည်သူ ၆၆၃၁ ဦး ရေဘေး ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

“မြစ်ရေက ဒီနေ့လယ်ပိုင်းအထိ တိုင်နေတာလေ။ မနှစ်ကဆိုရင် မြစ်ရေက တရှိန်ထိုး တက်လာတာ ကြောက်စရာကြီး။ လက်ရှိ မြစ်ရေတိုင်တယ် ဆိုပေမဲ့ စိုးရိမ်ရေမှတ် အထက်မှာပဲ ရှိနေသေးတာလေ။ ၀ါခေါင်လပြည့် ရေအခြေအနေကို စောင့်ကြည့်ရဦးမယ်။ ဒီနှစ် မြစ်ရေကြီးတာ ဆိုးဆိုးရွားရွား မဖြစ်ပေါ်ဘူးဆိုပေမဲ့ လမ်းတွေ ရေမြုပ်နေဆဲဆိုတော့ သွားရေးလာရေး ခက်ခဲနေတယ်။ ကယ်ဆယ်ရေးစခန်းမှာ လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းတွေကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ဒီကနေ့ စတင် ထောက်ပံ့ပေးပါတယ်။ ကယ်ဆယ်ရေးစခန်း စတင်ဖွင့်လှစ်တဲ့ သြဂုတ် ၆ ရက်မှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဝန်ကြီးတွေ လာရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို အားပေးစကား လာရောက်ပြောဆိုတာ အားတက်မိပါတယ်။ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုကို ပြည့်ပြည့်ဝ၀ ပေးသွားမယ်လို့လည်း ပြောသွားတယ်”ဟု မိုးလုံလေလုံ အားကစားရုံ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူတစ်ဦးက ပြောကြားသည်။
သံလွင်မြစ် သက်ရောက်ရာ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် သြဂုတ် ၆ ရက်တွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ပြီး ဘားအံမြို့ မြေနိမ့်ရပ်ကွက်များ ဖြစ်သော အမှတ် ၁ ရပ်ကွက် ၊ အမှတ်၂ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်ပြီး ရေကြီးရေလွှမ်းမိုးမှု စတင်ခံစားခဲ့ရသည်။
သံလွင်မြစ်ရေ လွှမ်းမိုးမှုကြောင့် ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုကို ဖွင့်လှစ်ခဲ့ရာ သြဂုတ် ၇ ရက် မွန်းလွဲ ၂ နာရီ စာရင်းအရ ရွှေယဉ်မျှော် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု၂၆၁ စု၊ လူဦးရေ ကျား၊ မ ပေါင်း ၁၂၉၆ ဦး၊ ပြည်နယ် မိုးလုံလေလုံ ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၈၃ စု၊ လူဦးရေ ကျား မ ပေါင်း ၁၄၇၀ ဦး၊ လေသာကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၃၂ စု၊ ကျား မ ပေါင်း ၁၅၀ ဦး၊ အစ္စလာမ်မစ် ဘာသာရေးကျောင်းတွင် အိမ်ထောင်စု ၉၁ စု၊ ကျား မ ပေါင်း ၄၅၃ ဦး၊ အမှတ် ၃ ရပ်ကွက် ဆိုင်ကလုန်းစင်တာတွင် အိမ်ထောင်စု ၁၀၃ စု၊ လူဦးရေ ကျား မ ပေါင်း ၄၇၈ ဦး၊ ဓမ္မပီယဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ကျား မ ပေါင်း ၈၅ ဦး၊ အမက ၅ ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ကျား မ ပေါင်း ၁၆၃ ဦး၊ အမက ၁၁ ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ကျား မ ပေါင်း ၇၈ ဦး၊ အောင်ငံလွင် ဘောလုံးကွင်းတွင် အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ကျား မ ပေါင်း ၅၂၈ ဦး၊ အထက ၃ ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၅၈ စု၊ လူဦးရေ ကျား မ ပေါင်း၂၉၅ ဦး၊ အလက ၆  ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၃၇ စု၊ လူဦးရေ ကျား မ ပေါင်း ၁၁၆ရဦး၊ အထကခွဲ(၆) ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ကျား မ ပေါင်း  ၄၈၂ ဦး စုစုပေါင်း အိမ်ထောင်စု ၁၃၁၇ စု၊ ကျား မ ၆၆၃၁ ဦးတို့ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ဆက်လက် ခိုလှုံနေဆဲ ဖြစ်ကြောင်း သိရသည်။   

Eleven Media Group

0 comments:

Post a Comment