Tuesday, August 13, 2019

မဟနက ဖျက်သိမ်းရန် ညွှန်ကြားသော်လည်း ကရင်ပြည်နယ်တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆက်လက် တည်ရှိမည်ဟု ဇွဲကပင်တောင်ဆရာတော် မိန့်ဆို

Image may contain: 1 person, sitting and indoor
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (မဟန) က မဘသအမည်ပြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းရန် ညွှန်ကြားထားသော်လည်း ကရင်ပြည်နယ်တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"ဆိုင်းဘုတ်တွေလည်း မဖြုတ်ပါဘူး။ ရန်ကုန်က ဖြုတ်တယ်ဆိုတာက သူ့အလုပ်သူလုပ်တာပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲ" ဟု ဦးကဝိဓဇက ဆိုသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ ၏ ရာထူးတာဝန်များကို ဇွဲကပင်တောင်ဆရာတော်ထံ လွှဲပြောင်းပေးမည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး ဆရာတော်က ယခုအချိန်အထိ လွှဲပေးခြင်း မရှိကြောင်း၊ ကရင်ပြည်နယ်တွင် မဘသ ဆက်လက်တည်ရှိပြီး လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
"ဘာမှ မလွှဲသေးဘူး" ဟု ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက မိန့်ဆိုသည်။
အင်းစိန်ရွာမကျောင်းတိုက်တွင် တည်ရှိနေသော ဗုဒ္ဓဓမ္မပရဟိဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ရာထူးကို ဇွဲကပင်တောင်ဆရာတော်ဦးကဝိဓဇ ဆီ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၊ ကရင်ပြည်နယ် ဇွဲကပင်ဆရာတော် ဦးကဝိဓဇက မဘသနှင့်ပတ်သက်၍ ဆက်လက်တာဝန်ယူမည်ဖြစ်သည်ဟု ဆရာတော် ဦးပါမောက္ခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“အကြမ်းဖျင်းကတော့ ဆရာတော်ကြီး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌဆရာတော် နှစ်ပါးကတော့ ထွက်သွားပြီ ဆိုင်းဘုတ်ကတော့ ဖြုတ်ချလိုက်တော့ အာဏာတွေ ရာထူးတွေကတော့ ဇွဲကပင်ဆရာတော်ရယ်၊ မြစေတီကျောင်းတိုင်ဆရာတော်ရယ် မြတောင်ဆရာတော်ရယ် ဆက်လက် တည်တံ့တာပေါ့”ဟု ဆရာတော်က မိန့်ကြားသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမ၀င် အဖွဲ့အစည်းဖြစ်၍ အမည်သုံးစွဲခြင်းမပြုရန်၊ ၄၅ ရက်အတွင်း ဆိုင်းဘုတ်များအားလုံး ဖြုတ်ချရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပြီး လိုက်နာခြင်းမရှိပါက ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင်လအတွင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ၄၇ ပါး စုံညီ အထူးအစည်းအဝေးတွင် ၂၀၁၈ ခုနှစ်က ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက် ၅ ရပ်ကို ထပ်မံ အတည်ပြုလိုက်ကာ ယင်းဆုံးဖြတ်ချက် ၅ ရပ်မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး၏ လမ်းညွှန်မှု တောင်းခံခြင်းကို ပယ်ချရန်၊ ယင်းဖောင်ဒေးရှင်းသည် တရား မ၀င် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ရန်၊ ယင်းဖောင်ဒေးရှင်း အဖွဲ့ဝင်အားလုံးသည် ယင်းအဖွဲ့အစည်းအမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်၊ နိုင်ငံတစ်ဝန်းရှိ ယင်းဖောင်ဒေးရှင်း၏ ဆိုင်းဘုတ်များအားလုံးကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်၊ အထက်ပါ ဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀ / ၉၀ ဖြင့် အရေးယူရန် ၊ လူဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေဖြင့် အရေးယူရန်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကြေညာချက်တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့၏ အဓိက တာဝန်ရှိသော ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌ ဦးသီလက္နန္မာဘိဝံသတို့ကို ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့် အခန်းကဏ္ဍ ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment