Wednesday, August 7, 2019

မြန်မာအစိုးရ၏ ကြွေးမြီများ နောင်နှစ်ပေါင်း ၄၀ ကျော်အထိ ဆပ်ရမည့် အခြေအနေရှိ

မြန်မာအစိုးရ၏ ပြည်တွင်းပြည်ပကြွေးများကို နောင်နှစ်ပေါင်း ၄၀ ကျော် အထိ ဆက်တိုက်ဆပ်သွားရမည့် အခြေအနေရှိနေကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ယင်းနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြသည့် အချက်အလက်များတွင် တွေ့ရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇ - ၁၈ အရအသုံးမှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိသည့် အခြေအနေကိုတင်ပြရာတွင် ယင်းကဲ့သို့ ထည့်သွင်းထားခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရများကြား ရယူထားသည့်ကြွေးများမှာ ဆိုင်းငံ့ကာလ ၁၀ နှစ် ချေးငွေသက်တမ်း ၄၀ နှစ် ဖြစ်သောကြောင့် ၂၀၅၆ -၂၀၅၇ ဘဏ္ဍာရေးနှစ်အထိ အရင်း/ အတိုးကိုပါ ပြန်ဆပ်ရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ (၂၀၁၇) ၏ ခန့်မှန်းချက်အရ ၂၀၅၇ အထိပင် ကြွေးမြီမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းတစ်ရာဝန်းကျင် ကျန်ရှိနေဦးမည့်သဘောကို ဖော်ပြထားသည်။

၂၀၁၇ - ၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရ၏ အပ်ငွေစာရင်းတွင် လိုငွေပေါ်ပေါက်ပြီး နှစ်စဉ်ဖြည့်ဆည်းရခြင်း၊ ကြွေးမြီလက်ကျန်ပမာဏ တိုးမြှင့်လာခြင်း၊ အတိုးနှုန်းမှာလည်း ဈေးကွက်အပေါ် အခြေခံခြင်းတို့ကြောင့် နိုင်ငံတော်က ကျခံရသည့် အတိုးစရိတ်နှင့် ပေးချေရသည့် အုပ်ချုပ်မှုစရိတ် ပိုမိုလာကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ပါရှိသည်။

ပြည်ပကြွေးမြီအနေဖြင့် အမေရိကန်ဒေါ်လာ သန်းတစ်သောင်းကျော် ( ၁၀,၂၀၀ ဒသမ ၇၁၇ ) ရှိနေခြင်းဖြစ်ပြီး ပြည်တွင်းကြွေးမြီ ကျပ်ဘီလီယံ နှစ်သောင်းကျော် ( ၂၀,၇၂၅ ) ရှိနေခြင်းဖြစ်သည်။

ကြွေးမြီနှင့် ဂျီဒီပီအချိုးသည် ၂၀၁၆ မတ်လက ၃၈ ဒသမ ၁ ရာခိုင်နှုန်း၊၂၀၁၇ မတ်လက ၃၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၁၈ မတ်လတွင် ၃၈ ဒသမ ၃ ရာခိုင်နှုန်းရှိနေခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုးအရ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေး ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာပါ အဓိကလုပ်ငန်းများဖြစ်သည့် သက်သာသောချေးငွေရယူခြင်း၊ ပြန်ရချက်ကောင်းသော ပြည်ပချေးငွေများရယူခြင်း၊ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ ငွေသားလက်ကျန်ကို ထိန်းညှိဆောင်ရွက်ခြင်းများကို အထူးအလေးထား၍ ရည်မှန်းချက်ပြည့်မီစွာ အကောင်းအထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်က အကြံပြုထားသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် စစ်ရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတို့ကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၉ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
The Voice

0 comments:

Post a Comment