Tuesday, August 13, 2019

မြေပြိုမှုကြောင့် ကျောင်းသား ၁၆ဦး သေဆုံးပြီး ၂ဦး ဆေးရုံတင်ထားရ

Image may contain: 1 person
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူ ကုန်းကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ အခြေခံပညာကျောင်းသား ၁၆ဦးသေဆုံး ပြီး ၂၈ ဦး ဆေးရုံတင်ထားရကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောဆိုသည်။

သြဂုတ် ၁၃ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တနားချိန်တွင် မွန်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် မြေပြိုမှု၊ ရေကြီးရေလျှံမှုများနှင့် ပတ် သက်၍ ပညာရေးဝန်ကြီးဌာနမှ ဆောင် ရွက်ပေးမှုများကို မေးမြန်းရာ ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ရေဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ပြီး မြို့နယ်၊ ခရိုင်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သေဆုံးသည့် ကျောင်းသား ၁၆ဦးနှင့်ဆေးရုံတက်နေသည့် ကျောင်းသား ၂၈ဦးအတွက် ငွေကျပ်သုံးသိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
"မြေပြိုလို့ အသက်ဆုံးရှုံးသွားတဲ့ လူငယ်အားလုံး ၁၆ ဦးအတွက် ငွေကြေးထောက်ပံ့မှုဆောင်ရွက်ပေးခဲ့တယ်။ နောက်ဆေးရုံတက်နေတဲ့ ကလေး ၂၈ ဦး ရှိတယ်။ အဲဒီအတွက်လည်းအတူတူပဲ။ ငွေကြေးသုံးသိန်းစီ ကူညီထောက်ပံ့ပေးခဲ့တယ်။ ပြီးတော့သူတို့ဆုံးရှုံးသွားတဲ့ ကျောင်းသုံးစာအုပ်တို့၊ ဖတ်စာအုပ်တို့ကို အကုန်လုံး ကျွန်တော်တို့ပြန်ဖြည့်ဆည်းပေးပါတယ်"ဟု ဦးဝင်းမော်ထွန်းက ပြောဆိုသည်။
သေဆုံးနှင့် ဒဏ်ရာရရှိသူ ကလေးငယ်များထဲတွင် မူလတန်းမှ အထက်တန်း အရွယ်အထိ ကလေးငယ်များပါဝင်ကြောင်း သိရသည်။
"လက်ရှိလည်း ရေဘေးမပြီးသေးတဲ့ ဒေသတွေကို ကျွန်တော်တို့ဆက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ အထူးအားဖြင့်ကတော့ ကျွန်တော်တို့ ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းများများသောအားဖြင့် အခြေပြုတာများပါတယ်။ အဲဒီအတွက်လည်း ဆောင်ရွက်ပေးနေပါ တယ်"ဟု ဦးဝင်းမော်ထွန်းက ပြောဆိုသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင်သြဂုတ် ၉ရက် နံနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးသြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အထိ စုစုပေါင်း သေဆုံးသူ၆၃ဦး ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရေဘေးသင့်ဒေသများရှိ ကျောင်းပေါင်း ၇၀ ကျော်ကိုလည်း ယာယီပိတ်သိမ်းထားပြီး ရေကျ၍ ကျောင်းပြန်ဖွင့်ချိန်တွင် အစားထိုးသင်ကြားမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောဆိုသည်။
"လက်ရှိကတော့ ၇၀ကျော် လောက် ခဏနားထားရတယ်။ရေကျတာနဲ့ ပြန်ဖွင့်မယ်။ အစားထိုးသင်ကြားမှုတွေ လုပ်မယ်။ကျောင်း ၇၀ကျော်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေပါတယ်။ တစ်နေရာနဲ့ တစ်နေရာမတူဘူး။သဘာဝဘေးဒဏ် စဖြစ်ကတည်းက ပိတ်တာပါ"ဟု ၎င်းက ပြောဆိုသည်။
သတင်း - မင်းမင်းထွန်း

0 comments:

Post a Comment