Monday, August 12, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ပြောကြားသည့် အမှာစကား

Image may contain: 1 person, standing

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို သြဂုတ် ၁၂ ရက်၊ နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုး သမီး စွမ်းဆောင်ရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာ ကော်မတီများမှ လူငယ် တာဝန်ခံများ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီနေ့ဟာ လူငယ်များအတွက် သာမကဘဲ ကျွန်မတို့ရဲ့ ပညာရေးစနစ် တစ်ခုလုံးအတွက် ကျင်းပတဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ရဲ့ ဆောင်ပုဒ်ဟာ လူငယ်တွေ ပါဝင်ပြီး ပညာရေးစနစ်ကိုပြုပြင်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို ကြည့်လိုက်တဲ့အခါ ကိစ္စနှစ်ရပ် အဓိကပါဝင်ပါတယ်။ တစ်ခုက ပြုပြင်ပြောင်းလဲခြင်း၊ တစ်ခုကပညာရေးပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်း လဲခြင်းဆိုတာကို နှစ်မျိုးစဉ်းစားလို့ရပါတယ်။ အတိတ်ကကျန်ခဲ့တဲ့ အခြေအနေတွေကို ပြုပြင်သင့်လို့ ပြန်ပြီးတော့ပြုပြင်ခြင်း၊ နောက်တစ်ခုက အနာဂတ်အတွက် ကျွန်မတို့ဖန်တီးတီထွင်ပြီးတော့ ပြုပြင်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။
“ဒီနှစ်ခုက နည်းနည်းတော့ကွာခြားပါတယ်။ ကျွန်မတို့နိုင်ငံလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံ အတွက်ဆိုရင် ပြုပြင်ပြောင်းလဲဖို့ နှစ်မျိုးလုံးလိုအပ်ပါတယ်။ ကျွန်မတို့အတိတ်တုန်းက ကျန်ရစ်ခဲ့တဲ့ အခြေအနေ၊ ပြုပြင်ပြောင်းလဲသင့်တဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့ဆိုတာလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့အပြင်အနာဂတ်အတွက် ဖန်တီးတီထွင်နိုင်တဲ့ အခြေအနေလည်း လိုအပ်ပါ တယ်။ ဘယ်လိုကိစ္စတွေကို ပြုပြင်ပြောင်းလဲရမယ် ဆိုတာနဲ့ပတ်သက်လို့ ကျွန်မဖတ်ဖူးတဲ့ ကဗျာ ဆုတောင်းလေးတစ်ခုကို သတိရမိပါတယ်။ အဲဒီကဗျာ ဆုတောင်းရဲ့ အဓိပ္ပါယ်ကတော့ ပြုပြင် ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲနိုင်တဲ့ သတ္တိရှိနိုင်ပါစေ။ ပြောင်းလဲသင့်တဲ့အရာတွေကို ပြောင်းလဲရဲတဲ့ ခံနိုင်ရည်ရှိနိုင်ပါစေ။ ဘယ်ဟာက ပြုပြင်ပြောင်းလဲသင့်တယ်၊ ဘယ်ဟာကမပြောင်း လဲသင့်ဘူးဆိုတာကို ခွဲခြားသိရှိနိုင်တဲ့ ဉာဏ်ပညာအမြော် အမြင်ရှိပါစေဆိုတဲ့ ဆုတောင်းလေးပဲ ဖြစ်ပါတယ်။
“ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ကျွန်မတို့လူသားများဟာ တခြားသတ္တဝါတွေနဲ့ မတူပါဘူး။ တခြားသတ္တဝါတွေဟာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ တဖြည်းဖြည်းပြောင်းလဲတဲ့ evolution ဆိုတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးပဲရှိပါတယ်။ တော်လှန်ရေးလို့ဆိုတဲ့ revolution ကာလအတွင်းမှာ အကြီးအကျယ် ပြောင်းလဲမှုတွေကို လုပ်နိုင်တာကတော့ လူသားတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ခြင်းအားဖြင့် ကမ္ဘာကြီးဟာတိုးတက်လာတာ လည်းရှိတယ်၊ တချို့ဘက်တွေမှာ ဆုတ်ယုတ်လာတာလည်းရှိတယ်။ ဒါကြောင့်မို့ ဘာတွေကို ပြောင်းလဲသင့် တယ်၊ ဘာတွေကိုပြောင်းလဲရမယ်၊ ဘယ်လိုပုံစံနဲ့ ပြောင်းလဲရမယ်ဆိုတာ ကျွန်မတို့ အားလုံး စဉ်းစားရမှာဖြစ်ပါတယ်။ ဒီဟာတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာဟာ ပညာရှိမှ ရတာပါ။ ပညာအမြော်အမြင်လိုအပ်တယ်။ ပညာဆိုတဲ့စကားကိုကြည့်လိုက်ရင် ပညာအမြော် အမြင်ဆိုတာ အဓိပ္ပါယ် အရှိဆုံးလို့ပဲထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ကို ပညာသင်ပေးတဲ့ ပညာရေး စနစ်တစ်ခုလုံးရဲ့ အဓိကဦးတည်ချက်တစ်ခုကတော့ အမြော်အမြင်ရှိဖို့ပဲဖြစ်ပါတယ်။ ပညာသင် ပေးတယ် ဆိုတာဟာဘ၀မှာ ကိုယ်ကြုံတွေ့ရမယ့် အခြေအနေတွေကို မျှော်မှန်းပြီးတော့ ဒီလိုအခြေ အနေတွေ ဖြစ်ပေါ်လာရင် ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုကျော်လွှားမလဲဆိုတာကို မှန်မှန်ကန် ကန်ဆုံးဖြတ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပညာအမြော်အမြင်လို့ ပြောမှပြည့်စုံပါတယ်။ ပညာချည်း သက်သက်ပြောတာဆိုရင် ဒါဟာအတန်းပညာကိုဆိုလိုတာပဲ ဖြစ်နိုင်ပါတယ်။ ပညာချည်းသက် သက်ဆိုတာ ဘယ်နှစ်တန်းအောင်ပြီးပြီ၊ ဘွဲ့ဘယ်လောက်ရပြီးပြီ အဲဒီလိုဘွဲ့တွေရယုံနဲ့လည်း ကျွန်မ တို့ဟာ အမြော်အမြင်ရှိနိုင်တာမဟုတ်ပါဘူး။
“ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ပညာရေးစနစ်ဟာ ဉာဏ်ပညာ အမြော်အမြင်ရှိစေဖို့ ဦးတည်တဲ့ စွမ်းရည်ရှိဖို့ အများကြီး အရေးကြီးပါတယ်။ ပညာသင်တဲ့နေရာမှာ လူကြီးတွေထက် လူငယ်တွေက အားသာပါတယ်။ လူကြီးတွေက မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်း အတွက်၊ မိသားစုအရေးအတွက်၊ အလုပ်တာဝန် တွေအတွက်လုပ်ဖို့ကိုင်ဖို့ တာဝန်ယူဖို့ အချိန်ယူရတဲ့အတွက် ပညာ ဆည်းပူးတဲ့ နေရာမှာ အချိန်ရာနှုန်းပြည့် မပေးနိုင်ပါဘူး။ လူငယ်တွေရဲ့အားသာချက်က ပညာရှာနိုင်တဲ့ အချိန်အပြည့်အ၀ရှိပါတယ်။ လူငယ်တိုင်းမှာရှိလား ဆိုတော့မရှိပါဘူး။ အဲဒါလည်း ကျွန်မတို့ပြုပြင် ပြောင်းလဲရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ အားလုံး ပါဝင်တဲ့ပညာရေးစနစ်၊ ဆင်းရဲ၊ ချမ်းသာမရွေး၊ မြို့နယ်၊ တောနယ်မရွေး၊ အားလုံးပါဝင်နိုင်တဲ့ ပညာရေးစနစ်တစ်ခုလိုအပ်ပါတယ်။ အားလုံးဟာ သင်ယူနိုင်တဲ့ အခွင့်အရေးကိုပေးတဲ့ ပညာရေးစနစ်မျိုးဖြစ်ဖို့လိုပါတယ်။ ဒါမှသာ လူငယ်များရဲ့ အဓိကအားသာချက်ဖြစ်တဲ့ အချိန်ကို လူငယ်များဟာ ပြည့်ပြည့်၀၀တန်ဖိုးရှိအောင် သုံးနိုင်မှာပါ။ ဒါကတော့ အစိုးရနဲ့ အဓိကဆိုင်သွားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အစိုးရရဲ့ မူဝါဒတွေအရ ကျွန်မတို့ရဲ့ လူငယ်များအားလုံးဟာ ပညာဆည်းပူးနိုင်ရေးအတွက် ကြိုးစားရမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ပညာဆည်းပူးနိုင်ရေးအတွက် ကြိုးစားဖို့ ဆိုတဲ့နေရာမှာ ကျွန်မတို့နိုင်ငံ ဘယ်လောက်ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာဆိုရင် လူငယ်တွေရဲ့ ပညာရေးစနစ်နဲ့ပတ်သက်လို့ ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ထောက်ပံ့နိုင်တယ်၊ ကူညီနိုင်တယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာဆိုရင် ဒီလောက် ထိလုပ်မပေးနိုင်ဘူး။ ကျွန်မတို့နိုင်ငံကိုလည်း ကျွန်မက ဆင်းရဲတဲ့နိုင်ငံလို့တော့ မဆိုလိုပါဘူး။ သို့သော်လည်း ကျွန်မတို့ဟာ ဖွံ့ဖြိုးမှုမှာ အရှေ့ကိုရောက်နေတဲ့နိုင်ငံတစ်နိုင်ငံ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်နေဆဲ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ပညာရေးစနစ် အတွက် သုံးချင်သလောက်၊ အကုန်အကျခံချင်သလောက်ခံနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ဒီဟာကို ကျွန်မတို့ဘယ်လိုကျော်လွှားရမလဲ။ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှား ရမှာဖြစ်ပါတယ်။
“လူငယ်များကလည်း မိမိတို့ပညာရရှိရေးအတွက် တာဝန်ယူရပါမယ်။ အစိုးရပိုင်းကလည်း အကောင်းဆုံးပညာရေးစနစ်တစ်ခု ထူထောင်ဖို့အတွက်ကို တာဝန်ယူရမယ်။ အားလုံးက ဝိုင်းဝန်းပြီး ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်မှ ကျွန်မတို့အောင်မြင်နိုင်မှာပါ။ ဘယ်လောက်ပဲ ပညာရေးစနစ် ကောင်းကောင်း၊ အင်မတန်မှချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေကို ကြည့်လိုက်ရင် ပညာရေး ဘက်မှာအားသန်တဲ့ လူငယ်တွေရှိသလို အားမသန်တဲ့ လူငယ်တွေရှိပါတယ်။ ဒီဟာက နိုင်ငံအပေါ် မှာချည်းပဲမူတည်တာမဟုတ်ပါဘူး။ မိသားစုတွေအပေါ်မှာလည်း မူတည်ပါတယ်။ လူငယ်တွေ တစ်ယောက်ချင်းတစ်ယောက်ချင်းအပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် လူငယ်များ ပါဝင်ပြီး ပညာရေးစနစ်ကို ပြောင်းလဲမယ်ဆိုရင်၊ လူငယ်များက အချိန်ကို မှန်မှန်ကန်ကန်နဲ့ တန်ဖိုးအရှိ ဆုံးဖြစ်အောင်သုံးဖို့ ဘာတွေလိုအပ် နေသလဲဆိုတာကို ကျွန်မတို့အစိုးရကို တင်ပြစေချင်ပါတယ်။ ဒါတွေကတော့ လူငယ်များရဲ့အမြင်ပါ။ အမြင်ဆိုရာမှာလည်း အမြင်တစ်ခုရှိယုံနဲ့ မှန်သွားတယ်လို့ ဆုံးဖြတ်လို့မရပါဘူး။ အားလုံးက ဆွေးနွေးပြီးတစ်ယောက်နဲ့တစ်ယောက် နှီးနှောဖလှယ်ပြီး အဖြေကို ရှာရမှာဖြစ်ပါတယ်။ ကျွန်မရဲ့အယူအဆက ပညာအမြော်အမြင်ရှိဖို့ဆိုတာဟာ လူတိုင်းလူတိုင်းဟာ တတ်နိုင်သမျှ အဓိပ္ပါယ်ရှိရှိနဲ့ ရှင်သန်ရေးအတွက်ပဲလို့ ဆိုလိုချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ ဒီကမ္ဘာကြီးကို ငါပေးဆပ်နိုင်တဲ့ အခြေအနေရှိတယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုတော့ ရှိဖို့လိုအပ်တယ်။ ဒါဟာ ပညာရေးစနစ်မှာ အဓိကတစ်ခုပါပဲ။
“ကျွန်မတို့ ပညာရေးစနစ်ကိုဖြတ်သန်းသွားတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ကိုယ့်ကိုယ် ကိုယ်တန်ဖိုးရှိတဲ့ ကမ္ဘာကြီးကို အကျိုးပြုတဲ့ လူသားတွေဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုရှိနိုင်ဖို့အတွက် ကျွန်မတို့လုပ်ပေးဖို့ဟာ အဓိကပဲလို့ ထင်ပါတယ်။ တချို့ကလည်း ဒီလိုမျိုးဆိုတာ အင်မတန်မှတော် တဲ့ အင်မတန်မှထူးချွန်တဲ့ပုဂ္ဂိုလ်တွေမှ လုပ်နိုင်တဲ့ကိစ္စလို့ထင်ကြ တယ်။ အဲဒီလိုမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်နေရာကနေ ဘယ်လောက် မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ၊ တောမှာပဲ ဖြစ်စေ၊ မြို့မှာပဲဖြစ်စေ၊ ဘယ်လိုနေရာမှာပဲဖြစ်စေ ကိုယ့်ရဲ့ဘ၀ကို အဓိပ္ပါယ်ရှိရှိနဲ့ ကိုယ့်ပတ်ဝန်းကျင် အတွက် တန်ဖိုးရှိအောင်နေနိုင်ပါတယ်။ နေချင်တဲ့ စိတ်ဓာတ် ရှိရင် နေနိုင်ပါတယ်။ ပထမကတော့ ဒီဆန္ဒရှိဖို့ပါပဲ။ အခုခေတ်မှာက တစ်ယောက်ချင်း တစ်ယောက်ချင်း၊ လူပုဂ္ဂိုလ်တစ်ယောက်ချင်းရဲ့ တန်ဖိုးကို မြင့်မြင့်မားမားထားပါတယ်။ လူတစ်ဦးတစ်ယောက် ချင်းမှာ တန်ဖိုးမရှိဘူးလားဆိုရင် တန်ဖိုးရှိပါတယ်။ သို့သော်ငြားလည်း လူပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ အများစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာလည်း ကျွန်မတို့မေ့လို့မရပါဘူး။ ကျွန်မတို့ဟာ တစ်ယောက်တည်း သာ ရပ်တည်နိုင်တယ်ဆိုရင် ဘ၀ဟာ ဘယ်လိုအဓိပ္ပါယ်ရှိမလဲ။ ကိုယ်တစ်ဦးတည်း တစ်ယောက် တည်း ရှင်သန်ဖို့ဆိုတာဟာ အဓိပ္ပါယ်ရှိတဲ့ဘ၀မဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ဘ၀လို့ ဆိုချင်တာဟာ ကျွန်မတို့မှာ ကိုယ့်ရဲ့တန်ဖိုးကို အမြင့်မားဆုံးဖြစ်အောင် လုပ်နိုင်ရမယ်။ ကိုယ့်ရဲ့တန်ဖိုးကို အများ အတွက် အကျိုးရှိအောင်လည်းသုံးနိုင်ရမယ်။ အဲဒီလိုကျွန်မတို့ လုပ်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ ပညာရေးဟာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။
“ဒါကြောင့် ကျွန်မတို့ရဲ့ လူငယ်များအနေနဲ့ လက်ရှိပညာရေးစနစ်ကို အများအတွက်ရော၊ ကိုယ့်အတွက်ရော၊ ဘယ်လိုအသုံးပြုရင်အကောင်းဆုံးဖြစ်မလဲဆိုတာကို ဝိုင်းဝန်းကူညီပေးစေချင်ပါ တယ်။ ကျွန်မတို့ တကယ်ပဲပြောင်းလဲချင်တဲ့စိတ်ရှိမယ်ဆိုရင် မြန်မြန်ဆန်ဆန် ပြောင်းလဲလို့ရပါတယ်။ ကျွန်မတို့ ပညာရေးစနစ်ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်းတဲ့နေရာမှာ ကျွန်မတို့တက္ကသိုလ်တွေရဲ့ ပညာရေးက ဘယ်အဆင့်ရှိလဲ ဆိုတာကိုကြည့်လိုက်တဲ့အခါမှာ ဒီနှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာ တက်လာတယ်။ ကျွန်မတို့တိုးတက်တယ်ဆိုတာမှန်တယ်၊ သို့သော်လည်း ကျွန်မတို့ရဲ့ဒေသ အတွင်းက တခြားတက္ကသိုလ်တွေရဲ့ တိုးတက်မှုနှုန်းနဲ့စာရင် ကျွန်မတို့ရဲ့တိုးတက်မှုနှုန်းကနှေးတယ်။ ဘာကြောင့်နှေးတယ်ဆိုတာ အဓိက စဉ်းစားရမယ့်ကိစ္စပါ။ ဘယ်ဟာတွေမှာ အားနည်းချက်တွေရှိလဲ ဆိုတော့ ကျွန်မတို့ဟာသုသေသနလုပ်တဲ့ဘက်မှာလည်း အားနည်းနေတယ်။ ဘာသာစကားဘက်မှာ လည်း အားနည်းနေတယ်။ Website တွေသုံးတဲ့ နေရာမှာလည်း ကျွန်မတို့ရဲ့ တက္ကသိုလ်တွေက အားနည်းနေတယ်။ ဒီသုံးခုစလုံးက ဆက်နွယ်နေပါတယ်။ဘာဖြစ်လို့လဲဆိုရင် သုသေသနလုပ်ဖို့ Website သုံးဖို့ဟာ ဘာသာစကားကျွမ်းကျင်မှုနဲ့လည်း ဆက်နွယ်နေပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ ဘယ်ဘက်မှာ အားနည်းနေတယ်ဆိုတာကို ကျွန်မတို့သိမှ အားနည်းနေတဲ့ကဏ္ဍတွေ မှာပိုပြီးတော့ တိုးတက်မှုရှိအောင်အားလုံးကြိုးစားနိုင်မှာပါ။ ဒါတွေအတွက်ကျွန်မတို့ရဲ့ လူငယ်တွေက ဝိုင်းဝန်းပြီးတော့အကြံပြုစေချင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့သင်ရင် ထိရောက်သလဲဆိုတာကို သင်ယူ တဲ့လူတွေကသာပြောနိုင်မှာပါ။ သင်ပေးတဲ့ လူတွေကလည်း ဘယ်လိုနည်းနဲ့သင်ရင် ထိရောက်မှု ရှိသလဲဆိုတာကို အသိဆုံးဖြစ်ပါတယ်။
“ဒါကြောင့် ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများအားလုံး ဝိုင်းဝန်းပြီးတော့ တိုင်ပင်ညှိနှိုင်းကြရင် ကျွန်မတို့နိုင်ငံ ဘယ်လိုမြန်မြန်တိုးတက်နိုင်မလဲဆိုတာကို သိလာနိုင်မှာဖြစ်ပါ တယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာ နောက်ကျနေတယ်ဆိုပေမယ့်လည်း ကျွန်မတို့ ရဲ့ လူမှုရေးစနစ်အရ၊ ယဉ်ကျေးမှုအရ ပညာနဲ့ပတ်သက်ရင် လူတန်းစားနဲ့သိပ်ပြီးတော့ မဆိုင်ပါဘူး။ အထက်တန်းလွှာတွေမှ ပညာတတ်တယ်ဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့ လူမှုရေး၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာထဲမှာမပါပါဘူး။ ကျွန်မတို့နိုင်ငံမှာ ပညာတတ်တွေအားလုံးဟာ အားလုံးအထက်တန်း လွှာကလာတယ်ဆိုတဲ့ လူမှုရေးစံနှုန်း၊ စံထားဟာ မရှိသေးပါဘူး။ နောင်လည်းမဖြစ်စေချင်ပါဘူး။ ဘယ်အလွှာကပဲလာလာ ပညာရှာချင်တဲ့သူတွေ ပညာရှာလို့ရနိုင်တဲ့ ပညာရေးစနစ်တစ်ခုကို ကျွန်မ တို့ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ပုဂ္ဂလိကကျောင်းတွေရှိတယ်၊ အစိုးရကျောင်းတွေရှိ တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့ရဲ့ အစိုးရကျောင်းတွေကို အများကြီးတိုးတက်စေချင် တယ်။ ပိုက်ဆံရှိတဲ့မိဘများဟာ သူတို့ရဲ့သားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေကို လွှတ်တယ်ဆိုတဲ့ အစဉ်အလာကို ကျွန်မအားမပေးချင်ပါဘူး။
“ပုဂ္ဂလိကကျောင်းတွေကသာ အကောင်းဆုံး ပညာရေးစနစ်ကို ပေးနိုင်တယ်ဆိုတဲ့ အမြင်တွေ မြင်ပြီးတော့ မိဘတွေက သားသမီးတွေကို အဲဒီကျောင်းတွေကိုပဲ လွှတ်ချင်တယ်။ ဒါပေမယ့် ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့ တချို့နိုင်ငံတွေမှာဆိုရင် ချမ်းသာသူများ၊ တတ်နိုင်တဲ့သူများက မိမိတို့ရဲ့ သားသမီးများကို ပုဂ္ဂလိကကျောင်းတွေကို လွှတ်တယ်။ တချို့နိုင်ငံ တွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုက အတူတူပါပဲ။ အစိုးရက ထူထောင်ထားတဲ့ ကျောင်းတွေဟာ ပုဂ္ဂလိကကျောင်းတွေနဲ့တန်းတူပါပဲ။ ပိုတောင်မှကောင်းတယ်လို့လည်း ပြောလို့ရ ပါတယ်။ အဲဒီလိုစနစ်မျိုး ကျွန်မတို့နိုင်ငံမှာ ထူထောင်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများဟာ ဆင်းရဲချမ်းသာမရွေး တောနေမြို့နေမရွေး အားလုံးဟာ အကောင်းဆုံး ပညာရေး စနစ်ကို ရရှိနိုင်တဲ့ ပညာရေးစနစ်ရဲ့ အကျိုးကို ရရှိနိုင်တဲ့ နိုင်ငံမျိုးဖြစ်စေချင်ပါတယ်။ အဲဒါအတွက်လည်း ဒီနေ့လိုမျိုး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ဆွေးနွေးတဲ့အခါ ထည့်သွင်း ဆွေးနွေးပြီး အကြံဉာဏ်တွေပေးစေချင်ပါတယ်။
“ကျွန်မတို့ရဲ့အစိုးရကျောင်းတွေ ခိုင်မာလာအောင်၊ ပိုပြီးတော့ တိုးတက်လာအောင်၊ ပိုပြီးတော့ ပညာရေးစနစ်ကို အားပေးနိုင်အောင်ဘယ်လိုလုပ်မလဲ၊ ဒီနှစ်နှစ် သုံးနှစ်အတွင်းမှာ အပြောင်းအလဲ တွေတော်တော်များများရှိတယ်ဆိုတာကို တချို့လည်းသတိပြုမိမယ်လို့ထင်ပါတယ်။ နှစ်နှစ်ဆိုတဲ့ ကာလဟာမများပါဘူး။ နှစ်နှစ်အတွင်းမှာ သိသိသာသာ အပြောင်းအလဲတွေဖြစ်အောင် ကျွန်မတို့ လုပ်နိုင်တယ်ဆိုရင် မှန်မှန်ကန်ကန်မူဝါဒတွေ ချလိုက်ပြီဆိုရင် ကျွန်မတို့ အများကြီးတိုးတက်နိုင် မယ်လို့ ယူဆပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးတိုးတက်ရေးလုပ်တဲ့နေရာမှာ ကမ္ဘာကြီးနဲ့လည်း အံဝင် ခွင်ကျဖြစ်အောင် လုပ်ဖို့လိုပါတယ်။ တစ်ကမ္ဘာလုံးသွားနေတဲ့ လမ်းကြောင်းနဲ့ ကျွန်မတို့ဟာ ဖီလာ ဆန့်ကျင်ပြီးသွားလို့မရပါဘူး။ ကမ္ဘာကြီးတိုးတက်သလို ကျွန်မတို့လည်းတိုးတက်ရမှာပါ။ ဒါပေမယ့် လည်းကျွန်မတို့ ကောင်းတဲ့ယဉ်ကျေးမှု အစဉ်အလာတွေ၊ ယဉ်ကျေးမှုအပေါ်တန်ဖိုးထားမှုတွေ ကိုတော့ မပျောက်ကွယ်သွားစေချင်ပါဘူး။ လူငယ်တွေသတိပြုစေချင်ပါတယ်။ လူငယ်တွေဆိုတာ တခြားသူတွေလုပ်တာကိုကြည့်ပြီး အားကျချင်တဲ့စိတ်တွေရှိတယ်၊ အတုခိုးချင်တဲ့ စိတ်တွေရှိတယ်။ အဲဒီဟာတွေကို သေသေချာချာဆင်ခြင်ပါ။ ပညာဆိုတာ ကိုယ်တိုင်ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။ တခြားသူတွေလုပ်လို့ လိုက်လုပ်တဲ့စိတ်မျိုးမဟုတ်ဘူး။ သူများမိုးခါးရေ သောက်လို့ သောက်တဲ့စိတ်ဆိုတာ ပညာရှိရဲ့ စိတ်မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်အတွက်၊ ပတ်ဝန်းကျင်အများစုအတွက်ရော ဘယ်လိုအကျိုးရှိလဲဆိုတာကို ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည် အချင်းတွေကို ကျွန်မတို့ လူငယ်တွေကိုပေးချင်ပါတယ်။
“ ဒီအရည်အချင်းတွေဟာ နောင်အနာဂတ်အတွက် တီထွင်ပြောင်းလဲနိုင်တဲ့ စွမ်းအားရော၊ အတိတ်တုန်းက ကျန်ရစ်ခဲ့တဲ့အခြေအနေတွေကို ပြောင်းလဲနိုင်တဲ့ ရည်အချင်းတွေရော အားလုံး ပြည့်စုံလာမှာဖြစ်ပါတယ်။ ပညာဆိုတာ တစ်ယောက်ထဲအတွက် မဟုတ်ဘူးဆိုတာ အားလုံးသိစေချင် ပါတယ်။ တချို့က ပညာဆိုတာ တစ်ယောက်ထဲအတွက် ထင်ပါတယ်။ အထူးသဖြင့် အမှတ်နဲ့ပတ် သက်လို့ အပြိုင်အဆိုင်များတဲ့ ပညာရေးစနစ်ကြောင့်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အမှတ်အများဆုံး လူက အတော်ဆုံးဆိုတဲ့ အမြင်ရှိတဲ့အခါ ပြိုင်ပြီးတော့ ဘယ်သူက အမှတ်အများဆုံးရမလဲဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်တဲ့အခါ ပညာသင်ခြင်းရဲ့ တစ်ခြားတန်ဖိုးတွေကို မေ့သွားတတ်ပါတယ်။ ပညာသင် တယ်ဆိုတာ အမှတ်များများရအောင် လုပ်တာပဲလို့ထင်လာကြပါတယ်။ အဲဒီလိုစိတ်တွေကို ပြောင်းဖို့ လိုပါတယ်၊ ပြောင်းနိုင်ဖို့အတွက် ဆရာသမားတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဆီမှာပဲ တာဝန်ရှိ တာမဟုတ်ပါဘူး၊ အရေးကြီးတာက မိဘများမှာလည်းတာဝန်ရှိပါတယ်။ တခါတလေမိဘများကိုက ဖိအား ပေးပါတယ်၊ ဒီလိုဖိအားပေးတယ်ဆိုတာ ကလေးတွေအတွက် ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး၊ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ပညာကိုစိတ်ဝင်စားစွာသင်ယူဖို့ ပညာကို မှန်မှန်ကန်ကန်သုံးနိုင်ဖို့ အဲဒီဟာတွေကို အားပေးဖို့လိုပါတယ်။ ကျွန်မတို့ တဖြည်းဖြည်း အမှတ်ကိုအဓိကထားတဲ့စနစ်ကို ပြောင်းချင်ပါတယ်။ အမှတ်ကို အားကိုးတယ်ဆိုတာ လူငယ်များရဲ့ တခြားအရည်အချင်းတွေကို ဖုံးလွှမ်းသွားနိုင်ပါတယ်။ အမှတ်ရတယ်ဆိုတာ အရင်စနစ်အရဆိုရင် အလွတ်များများကျက်နိုင်တဲ့ သူကအမှတ်များများရတယ်၊ အလွတ်ကျက်နေတာနဲ့ပဲ သင်ယူထားတဲ့ အချက်အလက်တွေ၊ သင်ယူထားတဲ့အနက်အဓိပ္ပာယ်ကို ခြုံငုံမိရဲ့လားလို့ စဉ်းစားစရာဖြစ်လာပါတယ်။
"လူငယ်များအားလုံးပါဝင်ပြီး ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ လုပ်တဲ့နေရာမှ လူငယ်တွေက ကိုယ့်ကိုယ်ကိုက စပြီးပြုပြင်ပြောင်းလဲရပါလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုမပြုပြင်၊ မပြောင်းလဲဘဲနဲ့ တခြားကိစ္စတွေကိုပြုပြင်ပြောင်းလဲလို့မရပါဘူး။ ပညာရေးစနစ်အတွက် အဓိကတာဝန်ယူထားတဲ့ အစိုးရဘက်ကလည်း ပြုပြင်ပြောင်းလဲရပါလိမ့်မယ်။ အစိုးရပညာရေးဌာနကလည်း အားလုံးဝိုင်းပြီး တော့ ပြုပြင်ပြောင်းလဲသင့်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။
“လူငယ်များဟာ မျိုးဆက်တစ်ခုနှင့်တစ်ခု ပြောင်းလဲသွားကြ တာပဲဖြစ်ပါတယ်။ လူငယ်တွေက အမြဲလူငယ်ဖြစ်မှာ မဟုတ်ဘူးဆိုတာကို အသိပေးပါရစေ။ လူငယ်ဆိုတာ အချိန်အတိုင်း အတာ တစ်ခုပဲလူငယ်ဖြစ်မှာပါ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ ကျွန်မတို့ဟာ လူကြီးတွေဖြစ်လာမယ် ဆိုတာကို မမေ့ကြပါနဲ့။ ဒါကိုအမြဲသတိထားပါ။
“မှန်ကန်တဲ့လမ်းဆိုတာ ကိုယ်အတွက်လည်းဖြစ်ရမယ်၊ အများအတွက်လည်းဖြစ်ရမယ်။ အခု အချိန်မှာ ကျွန်မတို့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံအတွက်လည်းဖြစ်ရမယ်၊ အခုအချိန်မှာဆိုရင် ကျွန်မ တို့နိုင်ငံက ပြောင်းလဲတဲ့ရာသီဥတုဒဏ်ကြောင့် နိုင်ငံသူနိုင်ငံသားတွေလည်းဒုက္ခရောက်တယ်၊ အစိုးရ ကလည်း ရှိတဲ့အစွမ်းအစတွေနဲ့ ပြည်သူပြည်သားတွေရဲ့လုံခြုံရေး၊ ပြန်လည်ထူထောင်ရေး တွေကို လုပ်နေတဲ့အတွက် အားလုံးက၀ိုင်းပြီးပါစေချင်ပါတယ်။ ကိုယ်မတတ်နိုင်တဲ့ပြောင်းလဲခြင်းရဲ့ အကျိုး ဆက်တွေ ကိုယ်ဘယ်လိုပြောင်းလဲကိုင်တွယ်မလဲဆိုတာ အားလုံးက၀ိုင်းပြီးစဉ်းစား ပေးနိုင်တဲ့ ပညာ တွေ၊ မိမိတို့နိုင်ငံနဲ့ လူ့အသိုင်းအ၀ိုင်းမှာပွားများစေချင်ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ နေပြည်တော်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် လူငယ်ရေးရာကော်မတီများမှ လူငယ်တာဝန်ခံများ၊ ကော်မတီဝင်များနှင့်လည်းကောင်း၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်သည် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်း အမှတ်အဖြစ် ခန်းမအတွင်း ပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာ ကော်မတီ များ၏ပြခန်းများ၊ လူငယ်နှင့်ခရီးသွားပြခန်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းတို့အား လိုက်လံ ကြည့်ရှုအားပေးသည်။
Image may contain: 19 people, people smiling, people sitting, crowd, wedding and outdoor
Image may contain: 2 people, people sitting
Credit - M S C O
The Ladies News

0 comments:

Post a Comment