Sunday, August 11, 2019

အဝေးရောက်ငြိမ်းချမ်းရေးလိပ်ပြာကို ပြန်ခေါ်ရန် ကရင်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

အဝေးရောက်ငြိမ်းချမ်းရေးလိပ်ပြာကို ပြန်ခေါ်လာပြီး ငြိမ်းချမ်းရေးကို ဝိုင်းဝန်းတည်ဆောက် ဖော်ဆောင်ပေးကြဖို့ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က တိုက်တွန်း ပြောပါတယ်။

ဘားအံမြို့ ဇွဲကပင်ခန်းမမှာ သြဂုတ် ၁၁ ရက် မနက်ကကျင်းပတဲ့ ၄၂ ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အခမ်းအနားမှာ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက  ပြောဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်လွှတ်တော်၊ ဥက္ကဋ္ဌ ဦးစောချစ်ခင်က “နီးလျက်နဲ့ ဝေးနေတဲ့ ကျနော်တို့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အဝေးရောက်နေတဲ့ ငြိမ်းချမ်းရေးလိပ်ပြာကို ကျနော်တို့ ဇွဲကပင်ခန်းမကို အရောက် ပြန်ခေါ်လာပြီးတော့ ငြိမ်းချမ်းရေးကို ဝိုင်းဝန်းတည်ဆောက်ဖော်ဆောင်ပေးပါ”လို့ ပြောပါတယ်။
ကေအန်ယူ၊ ကရင်အမျိုးသားအစည်အရုံး၊ တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ ပဒို စောရွှေမောင်းက “ကိုယ့်အမျိုးသားရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခွင့်ရှိမယ်။ လူမျိုးတိုင်းထိန်းသိမ်းပြီးတော့မှ ဖွံ့ဖြိုးလာအောင် တိုးတက်လာအောင် တဖက်ကဆောင်ရွက်ကြမယ်။ ဆောင်ရွက်ခွင့်ရကြ မယ်ဆိုရင် ဒါ ငြိမ်းချမ်းဖို့အတွက် အမှတ်သင်္ကေတ”လို့ ပြောပါတယ်။
ဘားအံ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက” အခုလို ဝေးဝါးနေတဲ့ အနေအထားမျိုးမှာ ကျနော်တို့က အားမရဘူး။ တဖက်နည်းနည်းစီ လျော့ကျဖို့ လိုတယ်။ မလျော့ရင်တော့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးက ဝေးနေဦးမယ်”လို့ ပြောပါတယ်။
ချည်ဖြူဖွဲ့မင်္ဂလာကို ကရင်ပြည်နယ်အတွင်း ကျေးလက်ဒေသပါမကျန် နှစ်စဉ် ကျင်းပလေ့ရှိတဲ့အပြင် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ ကရင်လူမျိုးတိုင်း မိမိတို့ရောက်ရှိတဲ့ ဒေသတွေမှာ ရိုးရာမပျက် ပြုလုပ်ကြပါတယ်။
အခမ်းအနားမှာ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံ စာတမ်းကို ပိုးကရင်၊ စကောကရင် မြန်မာဘာသာတွေနဲ့ ဖတ်ကြားပြီး၊ ပွဲတော်အကြီးအမှူးက လူတိုင်းခန္ဓာကိုယ်ကနေ မကောင်းဆိုးဝါးတွေ ဖယ်ခွာသွားစေဖို့ ကရင်ဘာသာနဲ့ မောင်းထုတ်ခဲ့ပါတယ်။
ဆက်လက်ပြီး လူတိုင်းခန္ဓာကိုယ်ကို အစဉ်စောင့်ရှောက်ပေးတဲ့ ဝိညာဉ်လိပ်ပြာကောင်တွေ ပြန်လည်ဝင်ရောက်စေဖို့ ဖိတ်ခေါ်ပြီး၊ ၇ ရက်သား ၇ ရက်သမီးတွေရဲ့ ဝိညာဉ်လိပ်ပြာကောင်တွေ ရွှင်လန်းဝမ်းမြောက်စေဖို့ ချည်ဖြူဖွဲ့မင်္ဂလာကို ရိုးရာသီးချင်းနဲ့ဂုဏ်ပြုကြိုဆိုကာ အခမ်းအနား တက်ရောက်လာသူတွေကို အဘိုး ၇ ဦး၊ အဘွား ၇ ဦးက ချည်ဖြူဖွဲ့ပေးခဲ့ပါတယ်။
လူတိုင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ခြင်း၊ လူတိုင်းရဲ့ ခန္ဓာကိုယ်ကို အစဉ်စောင့်ရှောက်ပေးတဲ့ ဝိညာဉ်လိပ်ပြာကောင်းတွေ ပြန်လည်ဝင်ရောက်လာစေဖို့၊ လူတိုင်း ဘေးအန္တရာယ်ကင်းစေဖို့နဲ့ စီးပွားရေးလာဘ်တွေ တိုးပွားစေဖို့နဲ့ ကောက်ပဲသီးနှံတွေ ပေါကြွယ်ဝစေဖို့ ရည်ရွယ်ပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။
သတင်း- ရဲမင်းခေါင်
DVB

0 comments:

Post a Comment