Tuesday, August 13, 2019

တနင်္သာရီတိုင်းတွင် လူဦးရေ ၈၀၀၀ နီးပါး သဘာဝဘေးဒဏ်ခံစားနေရ

တနင်္သာရီတိုင်းတွင် လူဦးရေ ၈၀၀၀ နီးပါး သဘာဝဘေးဒဏ်ခံစားနေရ
တနင်္သာရီတိုင်းဒေသကြီး၌ လေပြင်းများတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ သစ်ပင်များပြိုလှဲခြင်းတို့ကြောင့် လူဦးရေ ၈၀၀၀ နီးပါး သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်ပြောပြချက်အရ သိရသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရဖွဲ့မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများပူးပေါင်းကာ တိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးစခန်း( ၂၀ )ကျော်ဖွင့်လှစ်ထားရှိကာ သဘာဝဘေးသင့်ပြည်သူများကို ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန်ဆောင်ရွက်ထားကြောင်း သိရသည်။
“ ကယ်ဆယ်ရေးစခန်းမှာတော့ လူဦးရေ ၄၀၀၀ ကျော်ရှိတယ်။ နီးစပ်ရာဆွေမျိုးသားချင်းအိမ်များမှာတော့ ၃၇၁၄ ဦးရှိတယ်။ ဒီနေ့အထိတော့ လူသေဆုံးမှုစာရင်းနဲ့ထိခိုက်မှုစာရင်းမတက်လာသေးဘူး”ဟု တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။
တနသာင်္တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စလွန်အော်ကြီးရွာတွင် တောင်ပြိုရာမှ နေအိမ်ပိမိပြီး အသက် (၅၀)အရွယ်အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း ကျွန်းစုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။
ထို့အပြင် တနင်္သာရီမြို့နယ်အရှေ့မော်တုန်းကျေးရွာအုပ်စု ၊ ဥယျာဉ်ကွင်းကျေးရွာတွင် လူနေအိမ်အတွင်း ရေဝင်ခဲ့သဖြင့် ၂ နှစ်ခွဲအရွယ် ကလေးတစ်ဦးရေနစ်သေဆုံးခဲ့ပြီး ညောင်ပင်ကွင်းကျေးရွာ၊ နောက်ကမ်းနှင့် ရှေ့ကမ်းသွားတဲ့လမ်းတွင်ရေ ၄ ပေခွဲခန့်ကျော်နေသောကြောင့် ၅၆၁ တပ်ရင်းမှ ခရီးသွားများအားကူညီနေစဉ် တပ်မတော်သားတစ်ဦး ရေစီးနှင့်မျောပါကာရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
“ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းမကြီးတော့ မိုးများတဲ့အခါ လမ်းပေါ်ရေရောက်တဲ့အခါမျိုးပဲ ခဏရပ်နားတာပါ။ ကားလမ်းမပိတ်ပါဘူး။ ရေး-ထားလမ်းမကြီးမှာပဲ မလွဲတောင်းလမ်းအပိုင်း ပြတ်တောက်တယ်။ ဘေလီတံတားထိုးပြီးရင်သွားလို့ရပါပြီ။ လမ်းအသုံးပြုသွားလာဖို့ဆိုရင် ၆ ရက်လောက်ကြာဦးမယ်လို့ခန့်မှန်းထားတယ်” ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။
ဩဂုတ်လ ၁၂ ရက်တွင်အတည်ပြုချက်အရ လက်ရှိ ထားဝယ်ခရိုင်တွင်အိမ်ထောင်စု (၁၉၆)စုနှင့် မြိတ်ခရိုင်တွင် အိမ်ထောင်စု (၆၀၆)စုအတွက် ကယ်ဆယ်ရေးစခန်း( ၂၀ )ကျော်ဖွင့်လှစ်ထားခဲ့ရာ ယင်းကယ်ဆယ်ရေးစခန်းတို့တွင်လူဦးရေ (၄၂၀၁)ဦးမှာ ယာယီပြောင်းရွှေ့နေထိုင်နေကြောင်း သိရသည်။

ဖိုးပြုံးချို  ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment