Tuesday, August 13, 2019

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် တက္ကသိုလ်များ၏ အဆင့် ၇၀၀၀ ကျော်တွင်ရှိနေ

ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)
ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် တက္ကသိုလ်များ၏ အဆင့် ၇၀၀၀ ကျော်တွင် ရှိနေကြောင်း ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။

ရန်ကုန်တိုင်း လူငယ်ရေးရာ ကော်မတီက ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်သည် ၂၀၁၆ ခုနှစ် တွင် ကမ္ဘာ့အဆင့်တက္ကသိုလ်များ အဆင့်သတ် မှတ်ချက်တွင် ၁၃၀၇၂ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် တွင် အဆင့် ၇၁၉၉ သို့ တိုးတက်ခဲ့ကြောင်း ဒေါက်တာဖိုးကောင်းက ပြောကြားသည်။
]]ရန်ကုန်တက္ကသိုလ်ဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၃၀၇၂ ရှိနေရာကနေ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မှာ ၇၁၉၉ အထိအဆင့် တိုးတက်လာတာကို တွေ့ရပါတယ်။ ကျွန် တော်တို့က ဒီလောက်နဲ့ ရောင့်ရဲနေလို့မရပါ ဘူး။ လာမယ့် ၁၀ နှစ်အတွင်းမှာ နိုင်ငံတကာ တန်းဝင်တက္ကသိုလ်၊ ဒေသတွင်းမှာ ထိပ်တန်းတက္ကသိုလ်၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် တစ်ခုဖြစ်အောင် မျှော်မှန်းထားပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်မြင့်မှသာ လိုက်လျောညီထွေ သွယ်တန်းမှုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်လည်း အဆင့်မြင့်မှာ ဖြစ်ပါတယ်။ ရှေ့ဆောင် တက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က ဦးဆောင်ပြီး အဆင့်မြှင့်တင်ဖို့ မျှော်မှန်းပါတယ်” ဟု ဒေါက်တာဖိုးကောင်းက ပြောကြားသည်။
၂၀၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် ၈၀၀၀ ကျော်တွင် ရှိခဲ့သည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၌ ရန်ကုန်တက္ကသိုလ်သည် အဆင့်အမြင့်ဆုံး တက္ကသိုလ် တစ်ခုဖြစ်သည်။
ရန်ကုန်တက္ကသိုလ်အား နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ဖြစ်ရန်အတွက် မဟာဗျူဟာစီမံကိန်း (Master Plan) ချမှတ်ထားပြီး ဆောင်ရွက်နေကြောင်း သိရသည်။
ထိုမဟာဗျူဟာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရေးအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဦးစီးကော်မတီနှင့် ပညာအရည်အသွေး မြှင့်တင်ရေးကော်မတီ၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေး ကော်မတီနှင့် ရန်ကုန်တက္ကသိုလ်ပဋိညာဉ် ရေးဆွဲရေးကော်မတီများ ထပ်မံဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ဟာ တကယ်တော့ သဘာဝအားဖြင့် ကမ္ဘာပေါ်မှာ အလှပဆုံး တက္ကသိုလ် ပရိဝုဏ်တစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်းလျားကန်နဲ့လည်း နီးတယ်။ ဒီလိုရေပြင်ကြီးနဲ့ နီးနီးနားနားရှိတဲ့တက္ကသိုလ် ဆိုတာက ကမ္ဘာပေါ်မှာ အင်မတန်မှ ရှားပါတယ်။ အဲဒီတော့ ကျွန်မတို့က ကျွန်မတို့တက္ကသိုလ်ရဲ့ ထူးထူးခြားခြား လှပတဲ့ ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီးတော့ စီစဉ်စေချင်ပါတယ်။ လက်တွေ့ကျကျကတော့ တက္ကသိုလ်တစ်ခုလုံး သန့်ရှင်းတဲ့ရေ ပေးဝေရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေဆိုးနဲ့ မိလ္လာစွန့်ပစ်စနစ် ကောင်းမွန်ရေး၊ သန့်စင်ခန်းများ သန့်ရှင်းကောင်းမွန်ရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တကျ ဘေးကင်းလုံခြုံမှုရှိရေး တွေကတော့ လက်တွေ့ကျကျ အဆင့်မြင့်တဲ့ အဆောက်အအုံ တစ်ခုဖြစ်အောင်၊ အဆင့်မြင့်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဦးတည်တဲ့ ဦးတည်ချက်တွေပဲ ဖြစ်ပါတယ်” ဟု ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ရာ အရှေ့တောင်အာရှတွင် အကောင်းဆုံး တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ ပြည့်မည်ဖြစ်သည်။ ထိုရာပြည့် အခမ်းအနားကို ၂၀၂၀ ဒီဇင်ဘာ တစ်လလုံး ကျင်းပသွားမည် ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment