Tuesday, August 13, 2019

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ကိုးလဆက်တိုက် ခန့်မှန်းနှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကုန်စိမ်းဈေးတန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ကိုးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်မှ  ရှစ်ရာခိုင်နှုန်းကျော်အထိဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၂၇ ရာခိုင်နှုန်းမြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ်အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသ မ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ အထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် ဇွန်အထိ ၁၅ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်းမြင့် တက်နေခြင်းဖြစ်သည်။
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဧပြီလမှစ၍ ၂၀၁၉ ခုနှစ် ဇွန်လအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၅ လဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ဇွန်လ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၀၈ ရာခိုင်နှုန်းဖြစ် ပြီး၂၀၁၉ခုနှစ် မေလရှိ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၈၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါကငွေ ကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၀၈ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year on Year Inflation မှာ ၉ ဒသမ ၅၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇွန်လအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၃၁ ရာခိုင်နှုန်း ဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် ၁၀ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ မန္တလေးမြို့တွင် ၉ ဒသမ ၉၉ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇွန်လအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မကွေးတိုင်းဒေသကြီးတွင် ၁၄ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၃ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့်   ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်းဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက် ယူခဲ့ကြောင်းသိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် Base Year အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ ဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ်  ဇွန်လအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၀၈ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် မေလအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်း ပွမှုနှုန်း ၇ ဒသမ ၈၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂၆ ရာခိုင်နှုန်းပိုမိုလာကြောင်း  သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လတွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ် ခဲ့ကြောင်းသိရသည်။           
Eleven Media Group

0 comments:

Post a Comment