Tuesday, August 13, 2019

မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်ဝန်ထမ်းများအနေဖြင့် ပါဝါအာဏာပြခြင်း၊ အရက်မူးခြင်းနှင့် လက်စားချေသည့် ပုံစံများရှိသဖြင့် မပြုလုပ်ကြရန် ရန်ကုန်မြို့တော်ဝန် ပြောကြား

မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်ဝန်ထမ်းအနေဖြင့် ပါဝါအာဏာပြခြင်း၊ အရက်မူးခြင်းနှင့် လက်စားချေသည့် ပုံစံများရှိသဖြင့် မပြုလုပ်ကြရန် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါကိစ္စအား သြဂုတ် ၁၁ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံ၍ ရန်ကုန်မြို့အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ရေအလေအလွင့် ထိန်းချုပ်ရေး စသည်တို့ကို လုပ်ငန်းလမ်းညွှန် သြဝါဒပေးရာတွင် ရန်ကုန်မြို့တော်ဝန် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စည်ပင်သာယာရေး ဝန်ထမ်းများ၊ ဥက္ကဋ္ဌများနဲ့ အဖွဲ့ဝင်များသည် အရက်သောက်ချင်ရင်သောက် ရတယ်။ သို့သော်လည်း စုပြီးတော့ အဖွဲ့နဲ့လုပ်ပြီးတော့ အမြင်အရ မသောက်ပါနဲ့။ ကျွန်တော်လည်း ဘယ်တော့မှ မလုပ်ဘူး။ သိက္ခာပိုင်းအရပဲ။ ချစ်ကြည်ရင်းနှီးမှုအရ ဘော်ဒါ အပေါင်းအသင်းအရ ကောင်းပေမယ့် အမြင်မကောင်းပါဘူး။ မသောက်သင့်ပါဘူး။ ဒုတိယအချက်က အဲဒီလိုသောက်ပြီးရင် မူးပြီးရမ်းတာ တချို့ဆိုရင် နေ့လည်းသောက် ညလည်းသောက် ပြီးတော့ ရမ်းပြီး ပြဿနာတက်တယ်။ သွားပါတယ် Round Check  လုပ်ပါတယ်။ သို့ပေမဲ့ ရိုးရိုး  Round Check  လုပ်တာနဲ့ မူးပြီး Round Check လုပ်တာနဲ့ မတူဘူး။ မူးရင်တော့ မမောင်းနဲ့ မဟုတ်ဘူး။ မူးရင်တော့ Round Check မလုပ်ပါနဲ့။ ကိုယ့်အိမ်မှာကိုယ်နေ ရတယ်။ အပြင်မထွက်နဲ့ အပြင်ထွက်ပြီးတော့ ပြဿနာဖြစ်ရင် ငါဘာကောင်လဲ၊ ညာကောင်လဲဆိုတာ မလုပ်နဲ့။ ရှိခဲ့လို့ ပြောနေတာပါ။ လုပ်သင့်လား မလုပ်သင့်ဘူး။ ဒီအမည်းစက် တစ်စက်က မလိုလားအပ်တဲ့ တခြားသူတွေရဲ့ သိက္ခာကို ထိတယ်”ဟု မြို့ တော်ဝန်က ဦးမောင်မောင်စိုးက ပြောကြားသည်။
ထို့ပြင် မိမိ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်၍ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ရန်ငြိုး ရန်ဖွဲ့ခြင်းများ မပြုလုပ်ကြရန် မြို့တော်ဝန်က မြို့နယ်စည်ပင်ကော်မတီဝင်များကို မှာကြားခဲ့သည်။
“ကိုယ့်ရဲ့ အလွဲသုံးစားလုပ်တာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်နဲ့ လူထုစော်ကားတာ တစ်နည်းအားဖြင့် ကိုယ့်လုပ်ပိုင်ခွင့်နဲ့ လက်စားချေတာ မလိုအပ်ဘဲနဲ့ လက်စားချေတာ မလုပ်ပါနဲ့။ လုပ်နေလို့လည်း ကျွန်တော် ပြောနေတာပါ။ ကိုယ်ရေးကိုယ်တာတွေ ပါတယ်။ မလိုအပ်ဘဲနဲ့ ပါဝါပြတာ ကိုယ်ဘာကောင်လဲ၊ သူဘာကောင်လဲ သိနေတဲ့ကိစ္စပဲ။ မင်းအိမ် ချက်ချင်းရပ်ပစ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ ဥစ္စာမျိုး၊ ငါ့အကြောင်းသိမယ် ဆိုတဲ့ ဒါမျိုးလုပ်ရပ်မျိုးကို ကျွန်တော် မကြားပါစေနဲ့။ ကြားရင် ပြန်တိုင်တတ်တဲ့လူအစား ကျွန်တော်လည်း အရေးယူမယ်။ တိုင်လည်းတိုင်မယ်။ လက်မခံဘူး”ဟု မြို့တော်ဝန်က ပြောကြားသည်။
ထို့ပြင် စည်ပင်ယူနီဖောင်း ဝတ်၍ အယောင်ဆောင် ငွေကြေးတောင်းခံသူများ မြို့နယ်များတွင်ရှိပါက စုံစမ်းပေးရန်နှင့် ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း၊ မော်တော်ယာဉ်တွင် စည်ပင်သာယာတံဆိပ် ကပ်ခြင်းမှာ တရားမဝင်သဖြင့် မပြုလုပ်ကြရန်  မြို့တော်ဝန်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment