Thursday, August 8, 2019

ပူးပေါင်းကော်မတီအစီရင်ခံစာ အတည်ပြုမှု သီးခြားမှတ်ချက်ပြုစရာမရှိဟု တပ်မတော်ပြော

Image may contain: 1 person
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ခြင်းအပေါ် သီးခြားမှတ်ချက်ပြုပြောကြားရန်မရှိကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က မီဒီယာများသို့ ပြောဆိုသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ် မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ် မောင်မောင်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားတာပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတုန်းကလည်း ဝင်ရောက် ဆွေးနွေးခြင်းမပြုတဲ့အတွက် သီးခြားပြောစရာမရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။
အစီရင်ခံစာအား အတည်ပြုပြီး ဥပဒေကြမ်းရေးဆွဲရာတွင် အစုအဖွဲ့ (၉)ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုသည် မည်မျှအထိ ကျယ်ပြန့်မှုရှိမည်ကို တပ်မတော်အနေဖြင့် စောင့်ကြည့်သွား မည်ဖြစ်ကြောင်း၎င်းက ဆက်လက် ပြောဆိုသည်။
“အစီရင်ခံစာတင်ကတည်းက အစုအဖွဲ့ (၉)ဖွဲ့နဲ့ ဥပဒေကြမ်းရေးဆွဲဖို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံအတွက် အရေးကြီးသည့် အတွက် ပြင်ဆင်ရာတွင် နိုင်ငံ၏ အချုပ်အခြာအာဏာ ထိခိုက်လာမည် ဆိုလျှင် စိုးရိမ်ရကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆိုခဲ့သည်။
“ဥပဒေတစ်ခုအပေါ်မှာ အဖွဲ့သုံးလေးဖွဲ့ကနေပြီးသဘောထားတွေ ပေးကြတယ်။ တစ်ခုထဲကို ဘယ်လို တူရာစုမလဲ။ တော်တော်ကို ခက်ခဲပါလိမ့်မယ်။ ဖွဲ့စည်းပုံဆိုတာ ကိုယ့်နိုင်ငံအတွက် အရေးကြီးပါတယ်။ ပြင်တဲ့အခါမှာ ပုံစံတွေ ယိုင်ရွဲ့သွားပြီးတော့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို ထိခိုက်လာနိုင်တာမျိုးတွေ ဆိုရင်တော့ စိုးရိမ်စရာ အချက်လို့ ပြောလို့ရမှာပေါ့” ဟု ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
သတင်း၊ဓာတ်ပုံ - နန္ဒာ

0 comments:

Post a Comment