Sunday, August 18, 2019

ယစ်မျိုးခွန်၊ မော်တော်ယာဉ်အခွန်အခ အပါအဝင် အခွန်ခြောက်မျိုးမှာ လျာထားချက်ထက် ရာခိုင်နှုန်း ၁၂၀ အထက် ကျော်လွန်ကောက်ခံနိုင်ခဲ့သော်လည်း အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်အပါအဝင် အခွန် ၁၀ မျိုးမှာ လျာထားချက်ပြည့်မီခဲ့ခြင်းမရှိကြောင်း သိရ

ပြည်ပမှ တင်သွင်းလာသော ယာဉ်များကို သီလဝါဆိပ်ကမ်း၌ ယခင်နှစ်များက တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ယစ်မျိုးခွန်၊ မော်တော်ယာဉ် အခွန်အခအပါအဝင် အခွန်ခြောက်မျိုးမှာ လျာထားချက်ထက် ရာခိုင်နှုန်း ၁၂၀ အထက် ကျော်လွန်ကောက်ခံနိုင်ခဲ့သော်လည်း အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်အပါအဝင် အခွန် ၁၀ မျိုးမှာ လျာထားချက်ပြည့်မီခဲ့ခြင်း မရှိကြောင်း သိရပြီး၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် အခွန်ကောက်ခံရရှိမှုသည် ကျပ် ၄၀၄၂ ဒသမ ၇၃၉ ဘီလျံဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကျပ် ၉၆၃ ဒသမ ၉၄၁ ဘီလျံ ပိုမိုကောက်ခံရရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အခွန်ကောက်ခံရရှိမှု အခြေ အနေမှာ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက် ကျပ် ၁၉၂၃ ဒသမ ၆၆၄ ဘီလျံ၊ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက် ကျပ် ၁၂၄၇ ဒသမ ၁၇၁ ဘီလျံ၊ အကောက်ခွန်ကျပ် ၂၃၉ ဒသမ ၂၀၅ ဘီလျံနှင့် နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက် ကျပ် ၆၃၂ ဒသမ ၆၉၇ ဘီလျံတို့ ဖြစ်သည်။
လက်ရှိကောက်ခံသည့် အခွန်အကောက် ၂၂ မျိုးအနက် လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်သည့် အခွန် ၁၁ မျိုး၊ လျာထားချက်အောက် လျော့နည်းကောက်ခံရရှိသည့် အခွန် ၁၀ မျိုးနှင့် မူလခန့်မှန်းခြေတွင် လျာထားချက်ရှိ သော်လည်း ပထမခြောက်လပတ်တွင် လျာထားချက်လည်း မရှိ ကောက်ခံရရှိခြင်းလည်း မရှိသည့် အခွန်တစ်မျိုးတို့ဖြစ်ကြောင်း  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။
လျာထားချက် ပြည့်မီကျော် လွန်ခဲ့သည့် အခွန်များအလိုက် ကျော်လွန်သည့် အကြောင်းရင်းကို စိစစ်ရာတွင် ယစ်မျိုးလိုင်စင်များ မှ ပထမ သုံးလပတ်အတွင်းပေးသွင်း ကြခြင်း၊ စက်မှုစီးပွားမြေငှားဂရန်နှင့် ကျေးရွာမြေငှားဂရန်များ လာရောက်လျှောက်ထားမှု များပြားခြင်း၊ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းများမှ ဒုတိယ သုံးလပတ်အတွင်း ပေးသွင်းကြခြင်း၊ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းများထံမှ ငါးစိုခွန်၊ လှေခွန်၊ ကိရိယာခွန်၊ ရေလုပ်သား မှတ်ပုံတင်ကြေးများ ပြည့်စုံစွာ ကောက်ခံရရှိခြင်း၊ ပြည်ပတင်သွင်းယာဉ်များ အချိန်မီလာရောက်ဆောင်ရွက်ခြင်း မပြုသည့်အတွက် ရရှိသည့် ဒဏ်ကြေး၊ ဆိုင်ကယ်မှတ်ပုံတင်ကြေး၊ နှစ်လဲယာဉ်စီးရေ၊ ယာဉ်မောင်း လိုင်စင်စောင်ရေ တိုးတက်များပြားခြင်း၊ ယာဉ်မောင်းလိုင်စင်ခ နှုန်းပြောင်းလဲခြင်း၊ ဆက်သွယ်ရေး လှိုင်းနှုန်းခများ နှစ်စဉ်ကြေးများတိုးတက် ကောက်ခံရရှိခြင်း၊ သစ်တောထွက်ခွန်များမှ အခွန်ရငွေ၊ သစ်လေလံတင် ရောင်းချရငွေများတိုးတက်ရရှိခြင်း၊ ဇောတိကစီမံကိန်း Royalty Fee ရငွေကြွေးကျန်များပေးသွင်းခြင်း၊ တာပိန်(၁) ရေအားလျှပ်စစ်ကုမ္ပဏီမှ ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်များအတွက် Surplus Free Power Charge များ ရရှိခြင်း၊ ကျပ် ၁၀၀၀ တန်အောင် ဘာလေထီလက်မှတ်များ ထုတ်ဝေခြင်းနှင့် နိုင်ငံပိုင်ကဏ္ဍ၊ သမဝါယမ ပိုင်ကဏ္ဍ၊ ပုဂ္ဂလိကပိုင်ကဏ္ဍတို့မှ ဝင်ငွေခွန်တိုးတက်ရရှိခြင်းတို့ ကြောင့်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တင်ပြချက်အရ သိရသည်။
“၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဇယား(၁) အရ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများက တာဝန်ယူကောက်ခံရမယ့် အခွန်အကောက် ၂၂ မျိုးကနေ ကောက်ခံရန် မူလခန့်မှန်းခြေမှာ လျာထားချက် ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ရှိပါတယ်။ ဒီထဲကနေပြီးတော့မှ ပထမ ခြောက်လပတ်  လျာထားချက်အဖြစ် ကျပ် ၃၈၇၈ ဒသမ ၅၈၃ ဘီလျံ သတ်မှတ်ခဲ့ပြီးတော့ ကောက်ခံရရှိမှု အနေအထားကတော့ ကျပ် ၄၀၄၂ ဒသမ ၇၃၉ ဘီလျံ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လျာထားချက်အပေါ် အကောင် အထည်ဖော်နိုင်မှုဟာ ၁၀၄ ဒသမ ၂၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ် ပထမခြောက်လပတ် ကောက်ခံရရှိမှုဖြစ်တဲ့ ကျပ် ၃၀၇၈ ဒသမ ၇၉၈ ဘီလျံနှင့် နှိုင်းယှဉ်ရင် ကျပ် ၉၆၃ ဒသမ ၉၄၁ ဘီ လျံ ပိုမိုကောက်ခံရရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။
လျာထားချက် ပြည့်မီခြင်းမရှိသည့် အခွန် ၁၀ မျိုးတွင် ကုန်သွယ်လုပ်ငန်းခွန်မှာ နိုင်ငံတော်စီးပွားရေး အဖွဲ့အချို့နှင့် သမဝါယမပိုင် ပြည်တွင်း ထုတ်လုပ်မှုများမှ လျော့နည်းပေးသွင်းခြင်း၊ နယ်စပ်သွင်းကုန်များ လျော့နည်းတင်သွင်းခြင်း၊ ဝန်ကြီးဌာနများ၏ တင်ဒါခေါ်ယူဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ခွဲဝေချထားမှု လျော့နည်းခြင်း၊ တည်ဆောက်ရေးလုပ်ငန်းအချို့မှ ကုန်သွယ်လုပ်ငန်းခွန် လျော့နည်းရရှိ ခြင်းစသည့်အချက်များကြောင့်ဖြစ်ပြီး သွင်းကုန်ပစ္စည်းအမည် အချို့လိုင်စင်ကင်းလွတ်ခွင့်ပြုခြင်းနှင့် မော်တော်ယာဉ်ပါမစ်ဆောင်ရွက်မှု လျော့နည်းဆောင်ရွက်ခြင်းကြောင့် သွင်းကုန်လိုင်စင်ခများ လျော့နည်းရကြောင်း သိရသည်။
ထို့အတူ တံဆိပ်ခေါင်းခွန်တွင် အများဆုံးပေးသွင်းသည့် အိမ်ခြံမြေ အဆောက်အအုံရောင်းဝယ်လွှဲပြောင်းသည့် လုပ်ငန်းများမှ အခွန်လျော့နည်းခြင်း၊ မုတ်ကောင် ဝတ်ဆံသွင်းခွန်တွင် မြန်မာပုလဲဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၉ အရ မုတ်ကောင်ဝတ်ဆံ သွင်းခွန်ပေးသွင်းမှုမရှိတော့သဖြင့် လျော့ နည်းခြင်း၊ အထူးကုန်စည်ခွန်တွင် အရက်ချက်စက်ရုံအချို့  ရပ်နားထားခြင်း၊ ဆေးပေါ့လိပ်လုပ်ငန်းအချို့ မိရိုးဖလာလုပ်ငန်းဖြစ်ပြီးရောင်းရ ငွေကျပ်သိန်း ၂၀၀ မကျော်သည့်အတွက် သာမန်ရငွေခေါင်းစဉ် အောက်ရောက်ရှိနေခြင်း စသည့် အချက်များပါဝင်ပြီး အကောက်ခွန်တွင် သွင်းကုန်ခွန်၌ အကောက်ခွန်နှုန်း လျော့နည်းခံစားခွင့်များနှင့် MIC မှ အကောက်ခွန်ကင်းလွတ်ခွင့်များ ပေးနေခြင်းနှင့် အခွန်ရငွေ ရရှိနိုင်သော စီမံချက်များ လျော့နည်းသွားခြင်းများပါဝင်နေကြောင်း သိရသည်။ အဆိုပါ အခွန်များအပြင် လျာထားချက်  ပြည့်မီခြင်းမရှိသော အခွန်များမှာ ဓာတ်သတ္တုခွန်နှင့် ရတနာခွန်၊ ရေခွန်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်  အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရရှိသည့်အခွန်၊ ခရီးလှည့်လည်ရေး လိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင်၊ ခရီးသွားလာသူများပို့ ဆောင်ရေးလိုင်စင်၊ ဧည့်လမ်းညွှန် လုပ်ငန်းများအတွက် လိုင်စင်ကြေးများမှာလည်း ပြည့်မီမှု မရှိကြောင်း သိရသည်။      

Eleven Media Group 

0 comments:

Post a Comment