Monday, August 12, 2019

သံလွင်မြစ်ရေ ပြန်လည် ကျဆင်းပြီးဖြစ်၍ ဘားအံမြို့တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး စခန်း ၁၂ ခုကို ရုတ်သိမ်း

သံလွင်မြစ်ရေချိန်သည် သြဂုတ် ၁၁ ရက် ညဦးပိုင်းမှ စတင်ကာ ၎င်း၏ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းခဲ့ပြီး သြဂုတ် ၁၂ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ၇၃၇ စင်တီမီတာသို့ ဆက်လက် ကျဆင်းသည့်အတွက် ဘားအံမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီမှ စတင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

“သြဂုတ် ၁၂ ရက်နံနက် ၉ နာရီက စတင်ပြီး ကယ်ဆယ်ရေးစခန်း ၁၂ ခုကို ရုတ်သိမ်းလိုက်ပါတယ်။ ဒီနှစ်မှာ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှု မဖြစ်ပေါ်ခဲ့သလို ရက်ရှည် ရေကြီးမှုမရှိဘဲ မြစ်ရေချိန် ကျဆင်းခဲ့လို့ ဒေသခံတွေ အရမ်းကံကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ရေကြီးကာလ ကြန့်ကြာမှုမရှိလို့လည်း ရေကြောင့်ဖြစ်တဲ့ ရောဂါလည်း ဖြစ်ပွားမှု မရှိခဲ့ပါဘူး။ မြို့စွန် မြေနိမ့်ရပ်ကွက် တချို့မှာတော့ မိုးရေ၊ ကွင်းရေ ပေါင်းစပ်ပြီး ရေတင်ကျန်တာရှိပေမဲ့ သွားရေးလာရေး အခက်အခဲ မရှိပါဘူး” ဟု ရေဘေးကယ်ဆယ်ရေးစခန်း တစ်ခုမှ ရေဘေးကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
သံလွင်မြစ် သက်ရောက်ရာ ဘားအံမြို့တွင် သြဂုတ် ၆ ရက်မှ စတင်၍ ရေကြီးရေလွှမ်းမိုးမှု ခံစားခဲ့ပြီး  ရေကြီးမှုကာလမှာလည်း တစ်ပတ်ခန့်သာ ကြာမြင့်မှုကြောင့် ဒေသခံ ပြည်သူများ သက်သာမှု ရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင်၂၀၁၈ ခုနှစ် မြစ်ရေကြီးမှုသည် ၅၃ နှစ်အတွင်း အကြီးမားဆုံး မြစ်ရေကြီးမှု ဖြစ်ခဲ့ပြီး ရေကြီး ရေလွှမ်းမိုးမှု ကာလမှာလည်း နှစ်လနီးနီး ကြာမြင့်ခဲ့ကာ မြစ်ရေချိန်မှာ ၉၃၈ စင်တီမီတာအထိ ရောက်ရှိခဲ့ခြင်းကြောင့် စံချိန်ချိုး မြစ်ရေကြီးမှု တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
“ဒီဘက်နှစ် မြစ်ရေကြီးမှုက ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူး။ ကျွန်တော်တို့ဒေသဘက်မှာ မြစ်ရေလွှမ်းမိုးမှု သက်သာခဲ့ပေမဲ့ မြစ်အောက်ပိုင်း မွန်ပြည်နယ်ဘက်မှာ အဆိုးဝါးဆုံး မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့တာ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကရင်ပြည်နယ် လူငယ် ပရဟိတအဖွဲ့တွေ ပေါင်းစုပြီး တတ်စွမ်းသရွေ့ ကူညီနိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု သြဂုတ်၁၂ ရက်က ဘားအံမြို့တွင်း အလှူခံထွက်သည့် ကရင်ပြည်နယ် လူငယ်ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဘားအံမြို့တွင် ယခုနှစ် မြစ်ရေကြီးမှုကာလ၌ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခု ဖွင့်လှစ်ပြီး ရေဘေးသင့် ပြည်သူ ၆၆၃၀ ဦး ရေဘေးခိုလှုံခဲ့ကြောင်း သိရသည်။        

Eleven Media Group

0 comments:

Post a Comment