Friday, August 9, 2019

တက္ကဆပ်၊ အိုဟိုင်းယိုး သေနတ်ပစ်ခတ်မှုများတွင် ထိခိုက်နစ်နာခဲ့သူများနှင့် သမ္မတထရမ့် သွားရောက်တွေ့ဆုံ၊ ဒေသခံများ၏ ဆန္ဒပြမှုနှင့်ကြုံတွေ့

လူမျိုးရေးမုန်းတီးစိတ်ဖြင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သော ဒေတွန်နှင့် အယ်လ်ပါဆို မြို့များသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သွားရောက်လည်ပတ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသူများနှင့် သေဆုံးသွားသူတို့၏ မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ရာ မြို့ခံအချို့က ထရမ့်ကို ဆန္ဒပြခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 
တက္ကဆပ်နှင့် အိုဟိုင်းယိုးပြည်နယ်တို့တွင် သေနတ်ပစ်ခတ်မှုကြီးများ ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတထရမ့်က စည်းလုံးညီညွတ်မှုရှိကြရန် တိုက်တွန်းဆော်ဩခဲ့သည်။ ခရီးစဉ်တွင် ထရမ့်သည် သေဆုံးသွားသူများ၏ မိသားစုဝင်များ၊ ဒဏ်ရာရရှိခဲ့သူများနှင့် ပစ်ခတ်မှုကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ကံကောင်းထောက်မစွာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့သူများနှင့် တွေ့ဆုံခဲ့သည်။ 

သို့သော် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုဆန့်ကျင်ရေး ပြောဆိုမှုများနှင့် သေနတ်ကိုင်ဆောင်မှုကို ကောင်းစွာထိန်း ချုပ်နိုင်ခြင်းမရှိမှုတို့ကြောင့် သမ္မတထရမ့်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခံနေရသည်။ 

အယ်လ်ပါဆိုတွင် ဆန္ဒပြသူအချို့က “လူမျိုးရေးခွဲခြားတဲ့သူ အိမ်ပြန်သွားပါ” ဟူသော စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့တွင်လည်း အလားတူဆန္ဒပြမှုများ ထွက်ပေါ်ခဲ့သည်။ သို့သော် ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများကလည်း လမ်းမပေါ်ထွက် ချီတက်ခဲ့ကြသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အယ်လ်ပါဆိုနှင့် ဒေတန်တွင်ဖြစ်ပေါ်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့သည်။ ပစ်ခတ်မှုမှာ နာရီပိုင်းသာခြားပြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

သမ္မတထရမ့်နှင့် သူ၏ ဇနီးဖြစ်သူ မလီနီယာထရမ့်တို့ကို တက္ကဆပ်လေဆိပ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး စဂရစ် အဘော့နှင့် အယ်လ်ပါဆိုမြို့တော်ဝန် ဒီးမာဂိုတို့က လာရောက်ကြိုဆိုခဲ့သည်။ 

လေဆိပ်ကအထွက် လမ်းတစ်လျှောက်တွင် “ခင်ဗျားကို ဒီမြို့မှာအလို မရှိပါ၊ ပြန်သာသွားပါ” ဟူသော စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြနေသူများကို တွေ့ရသည်။ ထရမ့်၏ လူမျိုးရေးခွဲခြားပြီး အမုန်းတရားပါသော စကားများနှင့် လုပ်ရပ်များသည် မိမိ၏လူ့အဖွဲ့အစည်းနှင့် တိုင်းပြည်ကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီး အမတ် (ကွန်ဂရက်) ဖြစ်သူ ဗာရိုနီကာ အက်စကိုဘာက သမ္မတထရမ့်ကို သွားရောက်တွေ့ဆုံမှုမပြုပေ။ 

မစ္စဗာရိုနီကာအက်စကိုဘာနှင့်အတူ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဖြစ်နိုင်သူဟု တစ်ပြေးနေသူ ဘက်တိုအိုရိုကာကလည်း သမ္မတထရမ့်သည် ရွှေ့ပြောင်းအခြေချသူများကို အမနာပပြောဆိုနေသူ ဖြစ်သည်ဟု ဆိုသည်။ 

သမ္မတထရမ့်တို့ဇနီးမောင်နှံသည် ဒေတန်မြို့ ဆေးရုံတစ်ခုတွင် တက်ရောက် ကုသမှုခံယူနေသော ဒဏ်ရာရသူများ၊ အရေးပေါ်အမှုထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများကို တွေ့ဆုံခဲ့သည်။ 

“ခင်ဗျားတို့ကို ဘုရားသခင်က စောင့်ရှောက်နေတာ။ ခင်ဗျားတို့ကိုသိစေချင်တာက ကျွန်တော်တို့ ခင်ဗျားတို့နဲ့ အတူ ရှိနေတယ်ဆိုတာ”ဟု ထရမ့်က ဒဏ်ရာရရှိသူများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
The Voice

0 comments:

Post a Comment