Tuesday, August 13, 2019

လားရှိုး -မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတင်ယာဉ်များ နှစ်ရက်ဆက်တိုက် ပစ်ခတ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ

ပစ်ခတ်ခံရသည့် ကားပေါ်တွင် လိုက်ပါလာသူများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး - မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နွားတင်ယာဉ်များ နှစ်ရက်ဆက်တိုက် ပစ်ခတ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က လားရှိုး- မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ် သီပေါမြို့နယ် ကွန်ခိုက်ကျေး ရွာအုပ်စု၊ နမ့်အွန်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၄၇/၄) နှင့် (၁၄၇/၅) ကြားတွင် နွားများတင်ဆောင်ကာ မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဦးတည်မောင်းနှင်လာသော ‘ချစ်မမ မောင်’ ကုမ္ပဏီမှ နွားများတင်ဆောင် မောင်းနှင်လာသည့် မော်တော်ယာဉ်ငါးစီးအနက် ဒုတိယမြောက် နွားတင်ယာဉ် တစ်စီးအား အမည်မသိ လက်နက်ကိုင်ဆောင်သူများက ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသော ယာဉ်ပေါ်တွင် သုံးဦးစီးနင်း လိုက်ပါလာပြီး ပစ်ခတ်မှုကြောင့် ယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသည့် မြင်းခြံမြို့နေသူ ယာဉ်မောင်းဇော်ထွန်း (၂၆ နှစ်) မှာ ဝမ်းဗိုက်ဒဏ်ရာ(စိုးရိမ်ရ) များရရှိခဲ့ပြီး ယာဉ်မောင်းဘေးတွင် လိုက်ပါလာသည့် နွားထိန်းအောင်မြင့်မှာ သေနတ်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်စဉ် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ နွားထိန်းဝင်းစိုးမှာ ဝမ်းလျားမှောက် တိမ်းရှောင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
“သီပေါမြို့နယ် နမ့်အွန်ကျေးရွာ အနီးမှာ ပစ်ခတ်ခံရတာပါ။ ယာဉ်ရှေ့ခန်းမှာ လိုက်ပါလာတဲ့ တစ်ယောက်ကတော့ သေနတ်ထိမှန်ဒဏ်ရာ ခုနစ်ချက်နဲ့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ရင်ဘတ်နဲ့ ဘေးနံရိုး နှစ်ချက်မှန်ပါတယ်။ သူ့ကိုတော့ သီပေါဆေးရုံကနေ လားရှိုးဆေးရုံကြီးကို ကုသဖို့ သွားရောက်ပို့ဆောင် ခဲ့ပါတယ်” ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောကြားသည်။
အလားတူ သြဂုတ် ၁၃ ရက် နံနက် ၈ နာရီခန့်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၄/၇) နှင့် (၁၀၄/၈) ကြား ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု ခိုအုံကျေးရွာ ပေါက်အင်းလေးလမ်းခွဲတွင် ကျွဲ ၂၄ ကောင် တင်ဆောင်လာသည့်ယာဉ်အား အမည်မသိ လက်နက်ကိုင်များက ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်ပေါ်တွင် ကျောက်ဆည်မြို့တွင် နေထိုင်သူများဖြစ်သည့် ယာဉ်မောင်း ဦးကျော်ဦး မောင်းနှင်လာပြီး ယာဉ်နောက်လိုက် စူးပိုင်(၂၀ နှစ်) နှင့် နွားထိန်း သန်းလွင် (၂၄ နှစ်) တို့လိုက်ပါလာသည့် (၁၂)ဘီးယာဉ်အား လမ်းဘေး နေကြာရိုင်း ချုံများအတွင်းမှ အမည်မသိ လက်နက်ကိုင်ဆောင်သူများက ပစ်ခတ်သဖြင့် ယာဉ်မောင်းကျော်ဦးတွင် ယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းငယ်ထိပ် ဖောက်ထွက်ဒဏ်ရာတစ်ချက် (စိုးရိမ်ရ)၊ ယာဉ်နောက်လိုက်တွင် ဝဲဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဖက်နံရိုး ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ဒူးခေါင်းဒဏ်ရာ ရှပ်ထိဒဏ်ရာ တစ်ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ကူညီကယ်ဆယ်ဖို့ရောက်တော့ ပစ်ခတ်ခံရတဲ့ တစ်ယောက်တော့ သေဆုံးနေပြီ။ တစ်ယောက်ကတော့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ထိထားတော့ ကျောက်မဲဆေးရုံကို ပို့ပေးလိုက်တယ်။ ဒဏ်ရာကတော့ တော်တော်ပြင်းတယ်။ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်” ဟု ကျောက်မဲမြို့ နမ့်ခုံးပရဟိတအသင်းမှ ကိုစိုင်းကူးက ပြောကြားသည်။
“ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာ ကျွဲ၊ နွားတင်တဲ့ကားတွေ မကြာခဏ ဆိုသလို ပစ်ခတ်ခံရတယ်။ ပစ်ခတ်မှုကြောင့်လည်း သေဆုံးဒဏ်ရာ ရမှုတွေရှိတယ်။ ဒီဖြစ်စဉ်တွေကြောင့် အရင်ကလို စည်ကားမှု မရှိတော့တဲ့ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိုပြီးခြောက်သွေ့ သွားနိုင်တယ်။ ခရီးသည်တင် ယာဉ်မောင်းတွေလည်း စိုးရိမ်စိတ်တွေ ပိုဖြစ်မိလာတယ်” ဟု လားရှိုး-မန္တလေး ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
မန္တလေး - လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတင်ယာဉ်များ မကြာခဏ ပစ်ခတ်ခံရပြီး သေဆုံးဒဏ်ရာ ရရှိသူများ ရှိခဲ့ကြောင်း ဇူလိုင် ၂၇ ရက် ည ၉ နာရီ မိနစ် ၅၀ ကလည်း မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြား ပင်တိန်ကျေးရွာ အနီးတွင် နွားတင်ယာဉ်များ ပစ်ခတ်ခံခဲ့ရသေးကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment