Sunday, August 11, 2019

စစ်ကိုင်းမြို့ကို စစ်ကိုင်းတိုင်း၏ သန့်ရှင်းသာယာလှပဆုံးမြို့အဖြစ် ရွေးချယ်

စစ်ကိုင်းမြို့ကို စစ်ကိုင်းတိုင်းဒေသကြီး၏ သန့်ရှင်းသာယာလှပဆုံးမြို့အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွေး ချယ်ထားကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ဩဂုတ်လ ၉ ရက်နေ့က ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းရှိ မြို့ပေါင်း ၃၇ မြို့မှ စစ်ကိုင်းမြို့ကို အသန့်ရှင်းဆုံးမြို့၊ သာယာလှပတဲ့မြို့အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

“သဘောက လုပ်ထားတဲ့ဟာတွေကို ဆုပေးတာမဟုတ်ဘူး။ သန့်ရှင်းသာယာ လှပတဲ့မြို့တစ်မြို့အဖြစ် ဆောင်ရွက်နိုင်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်ခံရတဲ့အခါမှာ စစ်ကိုင်းမြို့ကြီး သန့်ရှင်းသာယာလှပဖို့အတွက် စည်ပင်သာယာရေး ကော်မတီတစ်ခုတည်းနဲ့တော့ လုပ်လို့မရဘူး။ မြို့လူထုတွေ ပူးပေါင်းပါဝင်လာဖို့လိုတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေပါ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းမြို့သည် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဝင်ပေါက်ထွက်ပေါက်မြို့ဖြစ်နေခြင်း၊ ပြည်ပ ခရီးသွားများဝင်ရောက်ရာမြို့ဖြစ်ခြင်း၊ ထင်ရှားသည့် ရှေးဟောင်း အမွေအနှစ်များ တည်ရှိခြင်းနှင့် သဘာဝ အရင်းအမြစ်များရှိခြင်း စသည့်အချက်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့မြို့အတွက်တော့ ဂုဏ်ယူစရာပါ။ အမှိုက်စုကန်လေးတွေကို ရပ်ကွက်တိုင်းမှာ ထားပေးစေချင်တယ်”ဟု စစ်ကိုင်းမြို့ဒေသခံ ကိုပြည်ဖြိုးက ပြောဆိုသည်။

စစ်ကိုင်းမြို့သည် မန္တလေးမြို့၏ အနောက်တောင်ဘက်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် သတ်မှတ်ထားသော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရ အုပ်ချုပ်ရေးရုံးများ အားလုံး မုံရွာသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့သည်။

0 comments:

Post a Comment