Monday, August 12, 2019

ဂျေရုဆလင် ဘာသာရေး အထွတ်အမြတ်နေရာ၌ အစ္စရေးရဲများနှင့် ပါလက်စတိုင်းရဲများ ရုန်းရင်းဆန်ခတ်ဖြစ်


ဂျူးများနှင့် မွတ်စလင်များ၏ အားလပ်ရက်များ ထပ်ကာ တိုက်ဆိုင်နေမှုကြောင့် တနင်္ဂနွေနေ့က ဂျေရုဆလင်မြို့ ဘာသာရေး အထွတ်အမြတ်နေရာတွင် အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်း ဝတ်ပြုသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။
သီခြားဖြစ်စဉ်အနေနှင့် ဂါဇာနယ်စပ်တွင်လည်း သေနတ်ဖြင့်ပစ်သော ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်သားများက ပစ်သတ်ခဲ့ရာ ယခုရက်ပိုင်းအတွင်း တတိယမြောက် ဖြစ်ရပ်ဖြစ်ခဲ့သည်။

ပါလက်စတိုင်းများက အယ်လ်အက် ဆာဗလီ၊ ဂျူးတို့က တင်ပယ်မောင့်ဟုခေါ်သော ဂျေရုဆလင် ဘာသာရေး အထွတ် အမြတ်နေရာတွင် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုများ ပြင်းထန်လာသည့်အတွက် အစ္စရေးရဲများက ကျယ်လောင်သံဖြင့် ခြောက်လှန့်သောဗုံးများကို အသုံးပြုခဲ့သည်။

ပါလက်စတိုင်း ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၅ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်ဟု လခြမ်းနီအသင်းက သတင်းထုတ်ပြန်သည်။

ပါလက်စတိုင်းဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ရဲအရာရှိလေးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးရဲက ပြောကြားသည်။ လူ ၇ ဦးကိုလည်း ရဲက ဖမ်းဆီးထားသည်။

တနင်္ဂနွေနေ့သည် အိဒ်ပွဲတော် အားလပ်ရက် အစဖြစ်သောကြောင့် ပါလက်စတိုင်း ဘုရားဖူးများ ထောင်ချီ၍ စုဝေးရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ အလားတူပင် ဂျူးတို့၏ တီရှာဘတ်အားလပ်ရက်နှင့် တိုက်ဆိုင်နေမှုကြောင့် ဂျူးဘုရားဖူးများလည်း အမြောက်အမြား ရောက်ရှိလာခဲ့သည်။

အစပိုင်းတွင် တင်းမာမှုပြေလျော့စေရန်အတွက် ဂျူးပရိသတ်ကို တနင်္ဂနွေနေ့တွင် မလာရန် ရဲများက တားမြစ်ထားပြီးဖြစ်သော်လည်း ဂျူးများအား ဝင်ခွင့်ပေးမည်ကို စိုးရိမ်သော မွတ်စလင်များက ဆန္ဒပြခဲ့ကြရာမှ ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခြေအနေ အထိုက်အလျောက် တည်ငြိမ်သွားချိန်တွင် အစ္စရေးလက်ယာစွန်း နိုင်ငံရေးသမားများ၏ ပြစ်တင်ဝေဖန်မှု ထွက်ပေါ်လာခဲ့ပြီးနောက် ဂျူးဘုရားဖူးများအား ပြန်ဖွင့်ပေးလိုက်ရာမှ နောက်ထပ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ဂျုးများကို ဝင်ခွင့်ပေးနိုင်ရန် လုံခြုံရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ပြောကြားသည်။

“မွတ်စလင်အားလပ်ရက် ဖြစ်နေရင်တောင် ဂျူးတွေဟာ အရင်နှစ်တွေလိုပဲ ဒီနှစ်မှာလည်း တီရှာဘတ်နေ့မှာ တင်ပယ်မောင့်ကို သွားရမှာပေါ”ဟု ၎င်းက Whatsapp လူမှုမီဒီယာတွင် ပြောဆိုခဲ့သည်။

ဘုရားဖူးလာသူ မွတ်စလင်အမျိုးသမီး အဘူဆနိုင်း ၃၂ နှစ်က “ဒါ ကျွန်မတို့ရဲ့ဗလီလေ။ ကျွန်မတို့ရဲ့ အိဒ်နေ့လေဟု ပြောကြားသည်။
The Voice

0 comments:

Post a Comment