Thursday, August 8, 2019

မြစ်ခုနစ်စင်း စိုးရိမ်ရေမှတ်အထက် မြင့်တက်နေ

ကရင်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေစဉ် သံလွင်မြစ်အပါအ၀င် မြစ်ခုနှစ်စင်း စိုးရိမ်ရေမှတ် အထက် မြင့်တက်နေပြီး နောက် ထပ် မြစ်နှစ်စင်း စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေသည်။

သြဂုတ် ၈ ရက် တိုင်းတာချက် အရ ကရင်ပြည်နယ်တွင် သံလွင်၊ သောင်ရင်း၊ ဟောင်သရောနှင့် ဂျိုင်းမြစ်၊ ပဲခူးတိုင်းဒေသကြီးတွင် စစ်တောင်းနှင့် ရွှေကျင်မြစ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် င၀န်မြစ်တို့သည် ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ၊ မဒေါက်၊ ရွှေကျင်၊ သာပေါင်းမြို့တို့၌   စိုးရိမ်ရေမှတ်အထက် တစ်ပေမှ ငါးပေခန့် မြင့်တက်နေသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဧရိယာ ပိုကျယ်ပြန့်လာကာ ပဲခူးမြို့ပေါ်ရပ်ကွက် ရှိ မြေနိမ့်ပိုင်းနေရာများ ရေစတင်ဝင်ရောက်နေပြီး မြို့နယ်ငါးခုမှ လူနှစ်သောင်းခန့်ကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။
သြဂုတ် ၈ ရက် ညနေ ၆ နာရီခန့်အထိ စာရင်းအရ ရွှေကျင်မြို့တွင်  လူ ၁၄,၀၀၀ ခန့်၊ မဒေါက်၊ ကောက်ကြီးနှင့် ပဲခူးမြို့နယ်တွင် ပါဝင်သည့် ဘုရားကြီးမြို့တို့၌   လူ၆,၀၀၀ ခန့်ကို ရွှေ့ပြောင်းထားရသည်ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ဆိုသည်။
ပဲခူးတိုင်းနှင့် နယ်ချင်း ထိစပ် နေသော ကရင်နှင့် မွန်ပြည်နယ် တွင်လည်း ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေပြီး ကရင်ပြည်နယ်တွင် လူ ၁၅,၀၀၀ ခန့်၊ မွန်ပြည်နယ်တွင် ၇,၀၀၀ ခန့် ရေဘေးကြုံတွေ့နေသည်။ 
ကရင်ပြည်နယ် ကြာအင်းဆပ်ကြီးမြို့တွင် ဒေသတွင်း ကားလမ်းများပေါ် ရေကျော်နေပြီး သြဂုတ် ၇ ရက်၌ ကုန်တင်ကားငယ်တစ်စီးရေစီးနှင့် မျောပါခဲ့သည်။ ယင်းဖြစ်စဉ်တွင် လူသေဆုံးမှု မရှိချေ။
‘‘ရေဘေးကတော့ အရင်နှစ်ကလောက် မဆိုးသေးပေမယ့် ရေ က ထပ်တက်နေတုန်းဆိုတော့ တော်တော်လေး သတိထားရမယ့် အနေအထားမှာ ရှိတယ်။ ကရင်ပြည်နယ်မှာတင် စိုးရိမ်ရေမှတ် အထက် ရောက်နေတဲ့ မြစ်က လေးခုရှိနေတယ်’’ ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်း သားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း က ပြောသည်။
ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် အိန္ဒိယကမ်းရိုးတန်းသို့ ၀င်ရောက်သော်လည်း မုတ်သုံလေ အားဆက်လက် ကောင်းနိုင်ပြီး တနင်္သာရီတိုင်းဒေ သကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးကောင်းနေနိုင်ကြောင်း မိုးလေ၀ သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတိပေးထားသည်။
7Day

0 comments:

Post a Comment