Monday, August 12, 2019

ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို အထူးကုန်စည်အဖြစ်မှပယ်ဖျက်ပြီး စီးကရက်နှင့် အရက်အပေါ် အထူးကုန်စည်ခွန် တိုးမြှင့်ကောက်ခံမည်ဖြစ်သော်လည်း ၀ိုင်အမျိုးမျိုးအပေါ် အခွန်နှုန်းမတိုးဘဲ ယခင်နှစ်အတိုင်း ကောက်ခံရန် ပြင်ဆင်

ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို အထူးကုန်စည်အဖြစ်မှ ပယ်ဖျက်ပြီး စီးကရက်နှင့် အရက်အပေါ် အထူးကုန်စည်ခွန် တိုးမြှင့်ကောက်ခံရန် ပြင်ဆင်ထားသော်လည်း ၀ိုင်အမျိုးမျိုးအပေါ် အခွန်နှုန်းကိုမူ ယမန်နှစ်အတိုင်းသာ ကောက်ခံရန် ပြင်ဆင်ထားကြောင်း ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြထားသည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

၂၀၁၈ ခုနှစ် ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အထူးကုန်စည်များအဖြစ်သတ်မှတ်ထားသည့် ကုန်စည် ၁၇ မျိုးရှိ ပြီး ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင်မူ ၁၄ မျိုးသာ ဖော်ပြပါရှိသည်။
ပြည်တွင်းသို့ တင်သွင်းသည့် အထူး ကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုးတွင် စီးကရက်အမျိုးမျိုးအတွက် တစ်လိပ်လျှင် ခြောက်ကျပ်မှ ၂၁ ကျပ်အထိ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ကောက်ခံခြင်းကို လာမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှစ်ကျပ်မှ ၂၅ ကျပ်အကြား အဆင့်လိုက် ကောက်ခံသွားမည်ဖြစ်သည်။ ဆေးရွက်ကြီးနှင့် ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေးအတွက် ရာခိုင်နှုန်း ၆၀ သာ ကောက်ခံမည်ဖြစ်သော်လည်း ဆေးပေါ့လိပ်တစ်လိပ်အတွက် ၇၅ ပြားတို့ တိုးမြှင့်ကောက်ခံခြင်း၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများနှင့် ကွမ်းစားဆေးအမျိုးမျိုးအတွက် ကုန်းပေါ်ရောက်တန်ဖိုး၏ ရာခိုင်နှုန်း ၈၀ သာ ဆက်လက်ကောက်ခံမည်ဖြစ်ပြီး လူငယ်များအကြား သောက်သုံးမှုနည်းပါးလာသည့် ဆေးပေါ့လိပ်ကို  ရာခိုင်နှုန်း ၅၀ အခွန်တိုးမြှင့်ထားသော်လည်း စီးကရက်ကိုမူ ရာခိုင်နှုန်းအနည်းငယ်သာ အခွန်တိုးမြှင့်ထားသည်။
ထို့ပြင် အရက်အမျိုးမျိုးအတွက် တစ်လီတာလျှင် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အနိမ့်ဆုံး တစ်လီတာ တန်ဖိုး ကျပ် ၁၀၀၀ အထိအတွက် ၁၂၂ ကျပ်မှ တစ်လီတာလျှင် ၂၉၀၀၀ အထိဆိုပါက အခွန် ၆၇၀၃ ကျပ် ကျသင့်ကာ ၂၉၀၀၁ ကျပ်ထက်ပိုမိုသည့် အရက်အမျိုးမျိုးအတွက် တစ်လီတာလျှင် ကုန်းပေါ်ရောက်တန်ဖိုး၏ ရာခိုင်နှုန်း ၆၀ သတ်မှတ်ထားခဲ့ရာမှ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင်မူ တစ်လီတာလျှင် ၄၀၀ ကျပ်မှ ကျပ် ၁၀၀၀ အကြားကို ၁၉၈ ကျပ်သို့ တိုးမြှင့်ထားပြီး အမြင့်ဆုံးအဖြစ် ကျပ် ၁၅၀၀၀ အထိကို ကျပ် ၄၁၀၀ သို့ တိုးမြှင့်ထားပြီး ၁၅၀၀၁ ကျပ်အထက်ဖြစ်ပါက တစ်လီတာတန်ဖိုး၏ ရာခိုင်နှုန်း ၆၀ ကောက် ခံမည်ဟု တိုးမြှင့်ပြင်ဆင်ထားသည်။
သို့သော် ၀ိုင်အမျိုးမျိုးအတွက် တစ်လီတာလျှင် ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အနိမ့်ဆုံးတစ်လီတာ တန်ဖိုး ကျပ် ၇၅၀ အဆင့်အတွက် ၈၁ ကျပ်မှ တစ်လီတာလျှင် ၂၆၀၀၀ အထိဆိုပါက အခွန် ၅၂၅၄ ကျပ် ကျသင့်ကာ ၂၆၀၀၁ ကျပ်ထက်ပိုမိုသည့် ၀ိုင်အမျိုးမျိုးအတွက် တစ်လီတာလျှင် ကုန်းပေါ်ရောက်တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ အဖြစ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအတိုင်း ကောက်ခံမည်ဟု  ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ သိရသည်။
ထို့ပြင် အခြားသောအထူးကုန်စည်များဖြစ်သည့် သစ်လုံး၊ သစ်ခွဲသားများကို ကုန်းပေါ်ရောက်တန်ဖိုး၏ ငါးရာခိုင်နှုန်း၊ မော်တော်ယာဉ်များတွင် အင်ဂျင်ပါဝါနှင့် သတ်မှတ်ယာဉ်အမျိုးအစားအလိုက် ကုန်းပေါ်ရောက်တန်ဖိုး၏ ၁၀၊ ၃၀၊ ၅၀ ရာခိုင်နှုန်း စသည်ဖြင့် အဆင့်လိုက်သတ်မှတ်ထားပြီး ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီများအတွက် ငါးရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့အတွက် ကုန်းပေါ်ရောက်တန်ဖိုး၏ ရှစ်ရာခိုင်နှုန်း အထူးကုန်စည်ကျသင့်စေရန် ယခင်နှစ်အတိုင်း သတ်မှတ်ထားကြောင်း သိရသည်။
“၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းတွင် ပါဝင်သော ထူးခြားချက်များကို တင်ပြပါမယ်။ ကုန်စည်အချို့အား အထူးကုန်စည်အဖြစ်မှ ပယ်ဖျက်ခြင်း၊ အခန်းအသစ်တစ်ခန်း ထပ်မံဖြည့်စွက်ခြင်း၊ အခွန်နှုန်းတိုးမြှင့်ခြင်းနှင့် အခွန်နှုန်းလျှော့ချခြင်းများ၊ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ လက်ဝယ်ပိုင်ဆိုင်ထားရှိခြင်းအတွက် ဒဏ်တပ်ရိုက်ရာမှာ ချီးမြှင့်သည့် ဆုကြေးငွေပေးအပ်ခြင်းကို ထပ်မံတိုးချဲ့ခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပါ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ခြင်းမရှိသည့်အတွက် ဒဏ်တပ်ရိုက်သည့် ဒဏ်ကြေးငွေပမာဏ တိုးမြှင့်ခြင်းနှင့် ယင်းအတွက် ဆုကြေးငွေ ချီးမြှင့်ပေးနိုင်ရေး အပိုဒ်များ ထပ်မံဖြည့်စွက်ခြင်းတို့ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ယခင်အထူးကုန်စည်အဖြစ်သတ်မှတ်ထားသည့် ကျောက်မျက်ရတနာများကို ယခုနှစ်တွင် အထူးကုန်စည်အဖြစ်မှ ပယ်ဖျက်ထားပြီး ထိုသို့ ဆောင်ရွက်ရခြင်းသည် ၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ကျောက်မျက်ရတနာများ ထုတ်လုပ်ရောင်းချမှုကို ရတနာခွန်အဖြစ်ကောက်ခံမည်ဖြစ်၍ ပယ်ဖျက်ရခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ ပယ်ဖျက်လိုက်သည့်အတွက် မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၃၈ နှင့်အညီ ရတနာခွန်အဖြစ် ကောက်ခံနိုင်ရေး ယခုဥပဒေကြမ်းတွင် အခန်းသစ်တစ်ခန်း ထပ်မံဖြည့်စွက်ခဲ့ကာ ကျောက်မျက်ရတနာများအပေါ် ရတနာခွန်နှုန်းကို ယခင်အထူးကုန်စည်ခွန်နှုန်းထားများအတိုင်း သတ်မှတ်ထားရှိကောက်ခံမည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment