Wednesday, August 28, 2019

အခွန် သုံးရာခိုင်နှုန်းအထိ လျှော့ချထားသည့် အခွန်သက်သာခွင့် ပေးခြင်းမှာ အခွန်လွတ်ငြိမ်းခွင့်ပေးခြင်း မဟုတ်ကြောင်းနှင့် ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အတွင်းကို အခွန် ၁၅ ရာခိုင်နှုန်းအဖြစ် အလွှာတစ်လွှာ ထည့်သွင်း၍ အခွန်လွှာ ငါးလွှာဖြင့် သက်သာခွင့် ပေးသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစီရင်ခံစာတင်သွင်း

သြဂုတ် ၂၈ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် သက်သာခွင့်ပြုသည့် အခွန်နှုန်းထားများနှင့် ပတ်သက်၍ အခွန် သုံးရာခိုင်နှုန်းအထိ လျှော့ချထားသည့် အခွန်သက်သာခွင့်ပေးခြင်းမှာ အခွန်လွတ်ငြိမ်းခွင့်ပေးခြင်း မဟုတ်ကြောင်းနှင့် ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အတွင်း အခွန် ၁၅ ရာခိုင်နှုန်းအဖြစ် အလွှာတစ်လွှာ ထည့်သွင်း၍ အခွန်လွှာ ငါးလွှာဖြင့် သက်သာခွင့် ပေးသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။


သြဂုတ် ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းစဉ် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း အပိုဒ် ၂၅ ပါ ပြဋ္ဌာန်းချက်သည် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေများအတွက် စီမံဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး အခွန်လွတ်ငြိမ်းခွင့် (Tax Amnesty) ကို ခွင့်ပြုပေးခြင်း မဟုတ်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ယင်းပြဋ္ဌာန်းချက်ပါ ဖော်ပြချက်များအရ အခွန်ထမ်း ပြည်သူအများစုအနေဖြင့် သက်သာခွင့် တင်ပြနိုင်မည့် ဝင်ငွေနှုန်းထားများကိုသာ သက်သာခွင့် ရာခိုင်နှုန်း လျှော့ချပေးထားပြီး ဝင်ငွေနှုန်းထား များပြားသည့် ပမာဏအတွက် အခွန်ရာခိုင်နှုန်းကို ပိရမစ်ပုံစံ တိုးမြှင့် သတ်မှတ်ထားသဖြင့် သင့်လျော်သည့် အချိုးအစားဖြစ်သည်ကို တွေ့ရကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။
ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဝင်ငွေ တစ်ကျပ်မှ  ကျပ်သိန်း တစ်ထောင်အထိကို ဝင်ငွေခွန်နှုန်းအဖြစ် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်မှ ကျပ်သိန်း သုံးထောင်အထိကို ဝင်ငွေခွန်နှုန်းအဖြစ် ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အထိကို ဝင်ငွေခွန်နှုန်းအဖြစ် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ မှ ကျပ်သိန်း ၃၀၀၀၀ အထိကို ဝင်ငွေခွန်နှုန်းအဖြစ် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀၀ နှင့်အထက်အတွက် ဝင်ငွေခွန်နှုန်းအဖြစ်  ရာခိုင်နှုန်း ၃၀ ဟု သတ်မှတ်သင့်ကြောင်း အကြံပြုထားသည်။
အခွန်နှုန်းထားများနှင့် ပတ်သက်ပြီး မူလ အဆိုပြုပြဋ္ဌာန်းချက်တွင် အဆင့် လေးဆင့်ဖြင့်သာ ဖော်ပြထားကြောင်း၊ သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းဟုသာ ပြဋ္ဌာန်းထားသောကြောင့် ကွာဟချက် များပြားနေသည့်အတွက် အခွန်ထမ်းမည့် ပြည်သူများ ပိုမို ပါဝင်နိုင်စေရန်အတွက် အဆင့် ငါးဆင့်ဖြင့် ကောက်ခံရန် အကြံပြုခြင်း ဖြစ်ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။
စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေအမျိုးအစား အားလုံးကို သက်သာခွင့်ပေးခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက် အကျိုးပြုနိုင်မည့် အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်း စသည့် အမျိုးအစား နှစ်ခုကိုသာ သက်သာခွင့်ပြုထားခြင်း ဖြစ်သည်ကို လေ့လာ တွေ့ရှိရကြောင်း၊ အခွန်သက်သာခွင့် ပြုခြင်းသည် တရားမဝင် ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း လုံးဝသက်ဆိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။
၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသား၏ ပြည်ပမှ ဝင်ငွေရလမ်း တစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်း ပေးဆောင်ခဲ့သော ဝင်ငွေများ၊ နှစ် တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံ နှင့် ယင်းအဆောက်အအုံ၏ အဓိက အစိတ်အပိုင်းများ အပါအဝင်ဖြစ်သော  မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း သို့မဟုတ် ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ မရသောပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာ ထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့် ငွေကြေးများ၊ လက်ဝယ်ရှိ ငွေကြေးတို့နှင့် ပတ်သက်၍ အောက်ပါ အခွန်နှုန်းထားများအတိုင်း အခွန်ကျသင့်စေရမည်။ ဝင်ငွေခွန် ဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်း မပြုရ။ သို့ရာတွင် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရဟု ဖော်ပြခဲ့သည်။
“မနှစ်က အဆိုပြုတင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီမှာဆိုရင် ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ အကုန်ပါပါတယ်ခင်ဗျ။ ထိတွေ့ကိုင်တွယ်၍ ရသောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ မရသောပစ္စည်းများ၊ အစုရှယ်ယာ ထည့်ဝင်ခြင်း။ နောက်ပိုင်း လွှတ်တော်ထဲမှာ ဆွေးနွေးရင်း၊ ဆွေးနွေးရင်းနဲ့ ငွေကြေးတွေ၊ ရွှေတွေ ဒါတွေပါ ပါလာပါတယ်။ အခုကတော့ ရှင်းရှင်းလင်းလင်းပါပဲ။ နှစ်ချက်ပါပဲ။ ပထမတစ်ခုကတော့ အခြေပစ္စည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ။ နောက်တစ်ခုကတော့ လုပ်ငန်းသစ် တည်ထောင်ခြင်း ဒီနှစ်ချက်ကိုပဲ ပေးထားတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆ (က) တို့အရ သက်သာခွင့်များ မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသား မည်သူမဆို  အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေကို နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်။ အသုံးပြုသည့်ဝင်ငွေ အားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန် မလိုပါ။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင် ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရဟု အဆို ပြုထားသည်။
ထို့ပြင် အထူးကုန်စည် အမျိုးအစားဖြစ်သည့် ၀ိုင်အမျိုးမျိုးနှင့် ပတ်သက်ပြီး တစ်လီတာ တန်ဖိုး ၁၆၅၀၁ ကျပ်နှင့်အထက် အဆင့်ဖြစ်ပါက တစ်လီတာ တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ကို အခွန်အဖြစ် ကောက်ခံသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြင်ဆင်ထားသည်။ မူလအဆိုပြု ပြဋ္ဌာန်းချက်တွင် တစ်လီတာ တန်ဖိုး ၂၆၀၀၁ ကျပ်နှင့်အထက် အဆင့်ဖြစ်ပါက တစ်လီတာတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံရန် အဆိုပြု တင်ပြထားသည်။
ဥပဒေကြမ်း၏ အခန်း ၅၊ အပိုဒ် ၁၁၊ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် (၃) ဇယားအမှတ်စဉ် ၁ တွင် စီးကရက် အမျိုးမျိုးအတွက် အလိပ် ၂၀ အထိပါ  တစ်ဘူး ရောင်းဈေး ကျပ် ၆၀၀ အထိဖြစ်လျှင် တစ်လိပ် ရှစ်ကျပ်အဖြစ် လည်းကောင်း၊ ၆၀၁ ကျပ်မှ ၈၀၀ ကျပ်အထိဖြစ်လျှင် ၁၇ ကျပ်အဖြစ် လည်းကောင်း၊ ၈၀၁ ကျပ်မှ ၁၀၀၀ ကျပ်အထိဖြစ်လျှင် ၂၂ ကျပ်အဖြစ် လည်းကောင်း၊ ၁၀၀၁ ကျပ်မှ အထက်ဖြစ်လျှင် ၂၅ ကျပ်အဖြစ်အလိုက် လည်းကောင်း ကျန်းမာရေး ထိခိုက်မှုများအတွက် တိုးမြှင့်ပြင်ဆင် သတ်မှတ်ထားကြောင်း၊  ဆေးပေါ့လိပ် တစ်လိပ်လျှင် ၇၅ ပြားနှုန်းဖြင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအတွက် တိုးမြှင့်ပြင်ဆင် သတ်မှတ်ထားသည်ကို တွေ့ရကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment