Monday, August 19, 2019

ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံရန် အပစ်ရပ် ၁၀ ဖွဲ့ထံ အစိုးရက ထပ်မံအဆိုပြု ငြိမ်းချမ်းရေးဆိုင်ရာတရားဝင်အစည်းအဝေးများနှင့် ၂၁ရာစုပင်လုံ ကျင်းပလိုကြောင်း ဆွေးနွေး

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ခေါင်းဆောင်များနှင့် အပစ်ရပ်အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပလိုကြောင်း အစိုးရဘက်က အဆိုပြုခဲ့သည်ဟု နှစ်ဖက်ကိုယ်စား လှယ်များက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ် ၁၀ ဖွဲ့ ကိုယ်စားလှယ်များ သည် ယမန်နေ့ (သြဂုတ် ၁၉ ရက်)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တစ်နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခဲ့ သည်။
‘‘သူတို့က ရပ်တန့်နေတဲ့ တရားဝင် ဆွေးနွေးပွဲတွေကို လည်း ပြန်လည်ကျင်းပလိုတယ် ဆိုတဲ့ အနေအထားပေါ့။ နောက်တစ်ခုက ဒီနှစ်ထဲမှာ ဒါမှမဟုတ်လာမယ့် ၂၀၂၀ နှစ်ဆန်းပိုင်း လောက်မှာ ၂၁ ရာစု ပင်လုံ တစ်ကြိမ်လောက်တော့ ကျင်းပလိုတယ်ဆိုတဲ့ အနေအထား ဆွေးနွေးတာပေါ့။ နောက်တစ်ချက်ကလည်း တစ်ဆို့မှု ကျော်လွှားဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ထိပ်သီးချင်းတွေ့နိုင် တဲ့ အခင်းအကျင်းထပ်မံလုပ်ရင် အဆင်ပြေမလားဆိုတာ ဆွေးနွေးတာပေါ့။ ကျွန်တော်တို့ကလည်း ဒီကိစ္စတွေကို လာမယ့် PPST အစည်းအဝေးမှာ တင်ပြမယ်၊ ဆွေးနွေးမယ် အဲဒီလိုမျိုးပေါ့’’ ဟု အပစ်ရပ် ၁၀ ဖွဲ့မှ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
 အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို သြဂုတ် ၂၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးဆုံးဖြတ်မှု အပေါ်မူတည်ပြီး အစိုးရနှင့် တွေ့ဆုံနိုင်ရေးဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့ မှ ဦးလှမောင်ရွှေက ‘‘ကျွန်တော် တို့ဘက်က တစ်ပြိုင်နက်တည်း မှာ သွားသင့်တဲ့ လုပ်ငန်းစဉ်လေး ရပ်ကို ထပ်တင်ပြတယ်။ PPST အစည်းအဝေးပြီးလို့ရှိရင် လက်မှတ်ရေးထိုးထားတဲ့ ခေါင်းဆောင် တွေအနေနဲ့ နိုင်တော်အတိုင်ပင် ခံ၊ တပ်မတော် ခေါင်းဆောင်များ ကို လာရောက်တွေ့ဆုံနိုင်ဖို့ ထပ်ပြီးအဆိုပြုတယ်’’ ဟု ပြောသည်။
PPST အစည်းအဝေးပြီးလျှင် နှစ်ဖက်တွေ့ဆုံနိုင်မည်ဟု အကောင်းမြင်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။
အစိုးရကိုယ်စားလှယ် အဖွဲ့အနေဖြင့် သြဂုတ် ၁၉ ရက် နံနက်တွင် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP) ကိုယ်စားလှယ်  အချို့နှင့် တွေ့ဆုံခဲ့ကြောင်း၊သြဂုတ် ၂၀ ရက် နံနက်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ညနေတွင် RCSS အဖွဲ့များနှင့် သီးခြားတွေ့ဆုံရန် စီစဉ်ထားကြောင်း ဦးလှမောင်ရွှေက ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ တစ်နှစ်ခန့်ကြာ ရပ်တန့်နေ မှု ကျော်လွှားနိုင်ရေး NCA အ ကောင်အထည်ဖော်မှုကို အားလုံးလက်ခံနိုင်သည့် အနေအထားရရှိအောင် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ တတ်နိုင်သမျှ ရရှိရေးဆောင်ရွက်ရန်၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်တွင် အဆင့်လိုက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ  သဘောတူညီချက်များ ရရှိအောင်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏  အသီးအပွင့်ကို ဒေသခံများ  အမှန်တကယ် ခံစားနိုင်ရေး ဆောင်ရွက်ရန် နည်းလမ်းလေး သွယ်ကို အစိုးရဘက်က အဆိုပြုထားသည်။
7Day

0 comments:

Post a Comment