Tuesday, August 13, 2019

ရေကြီးမှုကြောင့် ကျိုက်မရောနှင့် ရေးမှ စာသင်ကျောင်းများကို ဆက်ပိတ်ထား

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်တိုင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ၍ စာသင်ကျောင်းများ ပိတ်ထားရာတွင် ဩဂုတ်လ ၁၃ ရက်နေ့၌ အချို့ကျောင်းများကို ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း ကျိုက်မရောနှင့် ရေးမြို့နယ်ရှိ ကျောင်းများကိုမူ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
“လတ်တလောပိတ်တဲ့ ကျောင်းစာရင်းက ရှိနေသေးတယ်။ ရေးဆိုရင် မဖွင့်နိုင်သေးဘူး။ ကျိုက်မရောဆိုရင်လည်း မဖွင့်နိုင်သေးဘူး။ ကယ်ဆယ်ရေးစခန်းတွေကလည်း ကျောင်းမှာဖွင့်ထားတဲ့ အခြေအနေရှိတယ်။ တချို့က ကျောင်းပြန်ဖွင့်ပေမယ့် မိဘက စိတ်မချသေးတဲ့အခါကျတော့ ကျောင်းကိုမလွှတ်တဲ့ အနေအထားရှိတယ်။ တချို့ကျောင်းကလည်း ဖွင့်ပြီးဆိုပေမယ့် ကျောင်းသန့်ရှင်းရေးတို့ ကလေးတွေ ဘေးကင်းဖို့အတွက် သစ်တွေ အပျက်အစီးတွေ ရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်”ဟု မွန်ပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြအောင်က ပြောဆိုသည်။

မွန်ပြည်နယ်တွင် ဩဂုတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျောင်းပေါင်း စုစုပေါင်း ၆၁၁ ကျောင်း ပိတ်ထားရပြီး ယင်းရက်များတွင် ပေါင်မြို့နယ်၊ မော်လမြိုင်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျောင်းများအားလုံး ပိတ်ထားရ၍ ကျန် မြို့နယ်များမှာမူ ရေနစ်မြုပ်သည့်ကျေးရွာ၊ ရပ်ကွက်များမှ ကျောင်းများသာ ပိတ်ထားရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

“ကျောင်းသုံးပုံနှိပ်ကျတော့ ကလေးတွေလက်ထဲမှာပဲရှိတယ်။ ကျွန်မတို့မှာရှိတဲ့ နိုင်ငံတော်က လက်ကျန်ခွဲဝေပေးကတည်းက ၅ ရာခိုင်နှုန်းကို အပိုပေးထားတဲ့အတွက် မြေပြင်စာရင်းတွေ ကောက်ထားတယ်။ ကျောင်းပြန်ဖွင့်ပြီဆိုရင် ပျက်စီးစာရင်း အတိအကျရရင် ထောက်ပံ့မှု ပေးသွားမယ်”ဟု ဒေါက်တာ ချိုချိုမြအောင်က ရှင်းပြသည်။

မြို့နယ်များက ပေးပို့လာသည့်စာရင်းအရ ရေကြီးနစ်မြုပ်မှုကြောင့် စာသင်ကျောင်းများတွင် ပျက်စီးဆုံးရှုံးမှုမှာ သိန်းပေါင်း ၁၁၀၀ ကျော်ရှိပြီး ဩဂုတ်လ ၁၃ ရက်နေ့က ပြည်နယ်အစိုးရကို တင်ပြထားကြောင်း၊ သဘာဝဘေးပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင်လည်း ယင်းကိစ္စကို တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်အတွင်း စုစုပေါင်းစာသင်ကျောင်းပေါင်း ၁၅၀၆ ကျောင်းရှိသည့်အနက် ကျိုက်မရောမြို့နယ်တွင် ကျောင်းပေါင်း ၁၄၀ ခန့်၊ ရေးမြို့နယ်တွင် ကျောင်းပေါင်း ၁၅၀ ခန့်တို့ကို လက်ရှိပိတ်ထားရသည်။

ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့အတွင်း ရေဘေးဒုက္ခသည်ဦးရေ သုံးသောင်းကျော်အထိ ရောက်ရှိနေပြီး မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာနေရာတွင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရာ ဩဂုတ်လ ၁၃ ရက်နေ့တွင် ရုပ်အလောင်း ၂ လောင်းကို ထပ်မံတွေ့ရှိခဲ့သည့်အတွက် သေဆုံးသူ စုစုပေါင်းမှာ ၆၁ ဦးအထိရောက်ရှိလာခဲ့ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။
The Voice

0 comments:

Post a Comment