Tuesday, August 6, 2019

ပြည်သူများ စိုးရိမ်ပူပန်နေ၍ဟုဆိုကာ အာဖရိက ၀က်တုပ်ကွေးရောဂါအကြောင်း မိုင်းလားအဖွဲ့ ထုတ်ပြန်ရှင်းလင်း ကူးစက်ခံရသည့် ၀က်ရာနှုန်းပြည့် သေသော်လည်း လူနှင့်အခြား တိရစ္ဆာန်များသို့ မကူးစက်နိုင်ဟုဆို

ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ(၄) မိုင်းလားဒေသ၌ ဖြစ်ပွားနေသော အာဖရိက၀က်တုပ်ကွေးရောဂါကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုများဖြစ်နေ၍ ဟုဆိုကာ မိုင်းလားလက်နက်ကိုင် အဖွဲ့ (NDAA)က   ယင်းရောဂါနှင့်ပတ်သက်သည့် အချက်အလက်များ ကို သြဂုတ် ၆ ရက်တွင် အသေးစိတ် ရှင်းလင်းထုတ်ပြန်ခဲ့သည်။

အထူးဒေသ(၄) ကျန်းမာရေး ဦးစီးဌာနက မြန်မာ - တရုတ် နှစ်ဘာသာဖြင့် ဖော်ပြသည့် အာဖရိက ၀က်တုပ်ကွေး ရောဂါအကြောင်း သိမှတ်ဖွယ်ရာများတွင်  အဆိုပါ ရောဂါသည်  ပြီးခဲ့သည့် နှစ်က တရုတ်နိုင်ငံအတွင်းသို့ ကူးစက်ပြန့်ပွားလာကာ ယခုနှစ်၌ဒေသအတွင်းသို့ ကူးစက်ပြန့်ပွားလာသည်ဟု ပါရှိသည်။
‘‘တွေ့ကြပါသလား။ ပိုပြင်းထန်တဲ့ အဆင့်မြင့်တုပ်ကွေး ရောဂါကဲ့သို့ ဖော်ပြနေပါတယ်။ ဒီလိုရောဂါပိုးကူးစက်တဲ့ ၀က်တွေ သေဆုံးမှုနှုန်းဟာ ၁၀၀ ရာခိုင်နှုန်း ဖြစ်ပါတယ်’’ဟု   ၀က်ရုပ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။
ဝက်အချင်းချင်း ၀က်တွင်းအရည်မှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ကြောင်း၊ ရောဂါပိုးကူးစက်သည့် ၀က်သည် ပုံမှန်အနေအထား မဟုတ်တော့ဘဲ အပူချိန်မြင့်မားခြင်း၊ အရေပြား၌ သွေးထွက်ခြင်း၊ အော့အန်ခြင်း၊ ၀မ်းလျှောခြင်းများ ဖြစ်သည်ဟု ပါရှိသည်။
အာဖရိက ၀က်တုပ်ကွေးရောဂါပိုးသည် လူ့ခန္ဓာကိုယ်တွင်း ရှိ ဆဲလ်ထဲတွင် အသက်မရှင်နိုင်၍ လူသို့ မကူးစက်နိုင်ကြောင်း၊ ထို့အပြင် အခြားအိမ်မွေးတိရစ္ဆာန် များ၏ ခန္ဓာရှိ ဆဲလ်ထဲတွင်လည်း အသက်မရှင်နိုင်သဖြင့် ရောဂါကူးစက်ရန် အန္တရာယ်မရှိကြောင်း၊ အာဖရိက ၀က်တုပ်ကွေးသည် လူကိုမကူးစက်နိုင်၍ အန္တရာယ်မရှိ ကြောင်း၊ ထို့ပြင် ၎င်းရောဂါပိုးသည် အပူကိုကြောက်သဖြင့် အပူချိန် ၁၀၀ ဒီဂရီစင်တီဂရိတ်တွင် ၁၅ မိနစ်အတွင်း သေဆုံးနိုင် ကြောင်း၊ ရောဂါပိုးပါရှိသည့် ၀က်သားကို ကျက်အောင်ချက်ပြုတ်စားပါက လုံးဝအန္တရာယ်မရှိ ကြောင်း ဖော်ပြထားသည်။
တုပ်ကွေးဖြစ်သော ၀က်များကို သီးသန့်ခွဲထားခြင်း၊ မြေမြှုပ်ရခြင်း ရည်ရွယ်ချက်သည် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုကို တားဆီးထိန်းချုပ်ရန်ဖြစ်ကြောင်းဖော်ပြ ထားသည်။
‘‘ဒီရောဂါဟာ ကူးစက်ပြန့် ပွားမှု အလွန်မြန်ဆန်တဲ့အတွက် တစ်ကောင်ဖြစ်ရင် တစ်ခြံလုံးကူးစက်ပြန့်ပွား နိုင်ပါတယ်။ ၀က်မွေးမြူရေး လုပ်ငန်းရှင်များအတွက် ကြီးမားတဲ့ စီးပွားရေး ဆုံးရှုံးနစ် နာမှု ဖြစ်စေပါတယ်’’ဟု ထုတ်ပြန်ရှင်းလင်းချက်တွင် ဖော်ပြသည်။
ဝက်အရေခွံပေါ်တွင် သွေးခဲကွက်အနာပါသည့် ၀က်သားကို မ၀ယ်မိစေရေး သတိပြုရန်၊၀က်သားကို ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးရန် အသိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက မိုင်းလားဒေသ၌ အာဖရိက၀က်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများတွေ့ရှိ၍ အစိုးရထံအကြောင်း ကြားထားသကဲ့သို့ တရုတ်နိုင်ငံ အကူအညီဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သြဂုတ် ၃ ရက်အထိ ၀က်ကောင်ရေ နှစ်ထောင်ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း မိုင်းလားအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။
 မိုင်းလားနှင့် နယ်မြေချင်းထိစပ်နေသည့် ‘၀’ဒေသတွင်လည်း  လွန်ခဲ့သည့် နှစ်လကတည်းက ၀က်များသေဆုံးမှုဖြစ်ပွား၍ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ကအတည်ပြုသည်။ အလားတူ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများဖြစ်သည့် တာချီလိတ်နှင့် မိုင်းဖြတ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ၀က်သေဆုံးမှု များပြား၍ ကျေးရွာ၁၂ ရွာသို့ သြဂုတ် ၃ ရက်က ကွင်းဆင်းစစ်ဆေးရာ ရောဂါကြောင့် ရွာလုံးကျွတ်ဝက်သေဆုံးခြင်းများရှိကြောင်း၊ ယင်းကျေးရွာ ၁၂ ရွာ ၌ ၀က်ကောင်ရေ နှစ်ထောင်ခန့် သေဆုံးခဲ့ကြောင်း၊ ရောဂါဇာစ်မြစ်သိရှိနိုင်ရေး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်နေ ကြောင်း တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူကမူ   အာဖရိက ၀က်အပြင်းဖျား ရောဂါနှင့်ပတ်သက်၍ ရောဂါထောက်လှမ်းခြင်း၊ အသိပညာပေးခြင်းများဆောင်ရွက်နေသော်လည်း သြဂုတ် ၅ ရက်ထိ ယင်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ကာ စစ်ဆေးတွေ့ရှိခြင်းမျိုး မရှိသေးဟု ပြောကြားထားသည်။
7Day

0 comments:

Post a Comment