Sunday, August 11, 2019

နျူကလီးယားဖြုတ်သိမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကင်ဂျုံအန်းဆန္ဒရှိနေကြောင်း သမ္မတထရမ့် ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးဆုံး သွားသည့်အချိန်တွင် နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဆန္ဒရှိနေသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြထားသည်။ 
သမ္မတထရမ့်ထံသို့ ရေးသားပေးပို့ ခဲ့သောစာတွင် ကင်ဂျုံအန်းက လတ်တလော ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများအတွက် အနည်းငယ်တောင်းပန်ပြောဆိုထားသည်။ ထိုသို့ ပစ်လွှတ်ရခြင်းမှာလည်း အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေနှင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။ 

အဆိုပါအကြောင်းကို သမ္မတထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။ 

ထို့ပြင် မိမိအနေနှင့် များစွာမဝေးကွာတော့သည့် အနာဂတ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံမည်ဖြစ်သည်ဟုလည်း ဆိုသည်။ 

“ကင်ဂျုံအန်း ကျွန်တော့်ဆီကို ရေးသားပေးပို့တဲ့စာမှာ သူက ကောင်းကောင်းမွန်မွန်နဲ့ သေသေချာချာရေးသား ဖော်ပြတယ်၊ တွေ့ချင်တယ်၊ ဆွေးနွေးမှုတွေပြန်စချင်တယ်တဲ့။ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စု စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားတာနဲ့ တွေ့မယ်၊ ဆွေးနွေးမယ်ပေါ့”ဟု ထရမ့်က ၎င်း၏ Twitter အကောင့်တွင် ဖော်ပြသည်။ 

စစ်ရေးလေ့ကျင့်မှုများသည် ပြီးခဲ့သည့် တနင်္လာနေ့က စတင်ခဲ့ပြီး ဩဂုတ် ၂၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ မြောက်ကိုရီးယားသည် ယခင် အတိတ်ကာလကလည်း တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးလေ့ကျင့်မှုမှန်သမျှကို ကန့်ကွက်ခဲ့သည်။ 

ယခုနောက်ဆုံး ဒုံးကျည်စမ်းသပ် ပစ်လွှတ်ရခြင်းမှာလည်း ယင်းစစ်ရေး လေ့ကျင့်မှုများကို ကန့်ကွက်သည့်အနေနှင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

လက်ရေးဖြင့် ရေးသားထားသော ကင်ဂျုံအန်း၏စာသည် အလွန်လှပပြီး အလွန်အပြုသဘောဆောင်သည်ဟု ထရမ့်က မှတ်ချက်ပေးခဲ့သည်။

ပြုံယမ်းက ဝေဖန်နေသော အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်ခန်းနှင့်ပတ်သက်၍ ထရမ့်က ၎င်းသည် အဆိုပါစစ်ရေးလေ့ကျင့်မှုကို အားပေးသူမဟုတ်ကြောင်း ပြောကြားခဲ့ပြီး “အဲဒီကိစ္စအတွက် ကျုပ်က ငွေအကုန် မခံချင်ဘူး။ အဲဒီကုန်ကျငွေကို ပြန်လိုချင်တယ်။ တောင်ကိုရီးယားဘက်ကိုလည်း ပြောထားပြီးပြီ”ဟု ပြောဆိုခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် အမေရိကန်နှင့် ခဲရာခဲဆစ် ရရှိထားသော ငြိမ်းချမ်းရေး သဘောတူညီ ညှိနှိုင်းမှုများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားဘက်က ဝေဖန်ထားသည်။

ထရမ့်-ကင် ဆွေးနွေးပွဲများအလွန် မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများကို သမ္မတထရမ့်က အရေး မကြီးသယောင် ပြောဆိုလေ့ရှိပြီး နှစ်နိုင်ငံ သဘောတူညီထားမှုများ ကျိုးပေါက်ခြင်းမရှိဟု မှတ်ချက်ပေးလေ့ရှိသည်။ 
thevoice

0 comments:

Post a Comment