Thursday, August 8, 2019

တစ်ပတ်အတွင်း ရေကြီးရေလျှံမှုကြောင့် မြစ်ဝကျွန်းပေါ်အပါအဝင် အောက်ပိုင်းဒေသများတွင် လူဦးရေသုံးသောင်းကျော် ရေဘေးသင့်

မြဝတီမြို့ တောရကျောင်း ရေဘေးရှောင်စခန်းတွင် လာရောက် ခိုလှုံနေသူများကို သြဂုတ် ၇ ရက်က တွေ့ရစဉ်
တစ်ပတ်အတွင်း ရေကြီးရေလျှံမှုကြောင့် မြစ်ဝကျွန်းပေါ်အပါအဝင် အောက်ပိုင်းဒေသများတွင် လူဦးရေ ၃၄၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။

“လက်ရှိအထိ ရေကြီးရေလျှံနေတာက ပဲခူး၊ ကရင်၊ တနင်္သာရီ၊ မွန်၊ ဧရာဝတီတို့မှာ ဖြစ်နေတာ၊ ပဲခူးတိုင်းမှာဆိုရင် ရေဘေးရှောင်စခန်းက ခြောက်နေရာရှိတယ်။ မိုးညို၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ပဲခူးမြို့တွေ မှာ ရေကြီးရေလျှံနေတယ်။ အိမ်ထောင်စုက ၂၉၀၀ လောက်ရှိတယ်။ လူဦးရေက ၁၄၀၀၀ ကျော်လောက်ရှိတယ်” ဟု ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။
ထို့ပြင် ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့နှင့် ဘားအံမြို့များတွင် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ရေဘေးရှောင်စခန်း ၃၀ ခန့်ဖွင့်လှစ်ထားကာ အိမ်ထောင်စု ၂၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၁၇၀၀ ကျော် ရေဘေးခိုလှုံနေကြောင်း၊ မွန်ပြည်နယ်တွင် ဘီးလင်းနှင့် ကျိုက်မရောမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ယာယီရေဘေးရှောင်စခန်း ၃၈ ခုရှိကာ အိမ်ထောင်စု ၁၈၀၀ ခန့်ရှိပြီး လူဦးရေ ၇၅၀၀ ကျော်ခန့်ရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။
“ဧရာဝတီမှာတော့ မြောင်းမြမှာ အိမ်ထောင်စု ၁၆၃ စုရှိပြီးတော့ လူဦးရေက ၆၉၇ ဦးရှိတယ်။ သူကတော့ ရေဘေးရှောင်စခန်း သုံးနေရာရှိတယ်။ တနင်္သာရီတိုင်းမှာတော့ တနင်္သာရီမြို့နယ်မှာ အိမ်ထောင်စု ၅၅စု၊ လူဦးရေ ၂၆၃ ဦး ရေဘေးရှောင်စခန်းသုံးခု ဖွင့်ထားတယ်။ ဒါကတော့ သြဂုတ် ၈ ရက်နေ့ အထိ စာရင်းပေါ့” ဟု ၎င်းက ပြောကြားသည်။
ဇူလိုင်လတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်စခန်းများတွင် ပြောင်းရွှေ့နေထိုင်မှုများ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ရှိ ရေဘေးရှောင်စခန်းအချို့တွင် လက်ရှိအချိန်ထိ ရေဘေးရှောင်သူ အနည်းငယ်ကျန်ရှိနေသေးကြောင်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရေဘေးသင့်ပြည်သူများအနက် ပြောင်းရွှေ့ရသူများအား လူတစ်ယောက်လျှင် တစ်နေ့ ဆန်နို့ဆီဘူး နှစ်ဘူးနှုန်းသတ်မှတ်ထားကြောင်း၊ တစ်ဘူးအား ကျပ် ၁၅၀ နှုန်းသတ်မှတ်ပြီး တစ်ပတ်စာ လှူဒါန်းကြောင်း၊ သေဆုံးသူများအား တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်း ထောက်ပံ့ပေးကြောင်း၊ ပြီးစီးသွားသည့် အိမ်များရှိပါကလည်း အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးကြောင်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။
“ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ အချိန်ကနေ အခုချိန်ထိ ထောက်ပံ့ထားတာကတော့ ကျပ် သိန်း ၂၉၀၈ သိန်းကျော်ရှိပါပြီ” ဟု ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။
ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအထိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သူ ၁၂၀၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ သုံးဦးရှိခဲ့သည်။

Eleven Media Group

0 comments:

Post a Comment