Tuesday, August 6, 2019

ကျောင်းသား/သူ ၁၆ ဦး၏နှာခေါင်းတွင်မစင်များသုတ်ခိုင်းသည့်ဆရာမကို အရေးယူပေးရန် မြို့နယ်ပညာရေးမှူးသို့ တိုင်ကြားထား

ကျောင်းသား/သူ ၁၆ ဦး၏နှာခေါင်းတွင်မစင်များသုတ်ခိုင်းသည့်ဆရာမကို အရေးယူပေးရန် မြို့နယ်ပညာရေးမှူးသို့ တိုင်ကြားထား
စတုတ္တတန်းလပတ်စာမေးပွဲကျရှုံးသည့် ကျောင်းသား၊ကျောင်းသူ ၁၆ ဦး၏ နှာခေါင်းတွင်မစင်များ သုတ်လိမ်းခိုင်းစေသည့် ဆရာမအား အရေးယူပေးရန် မြို့နယ်ပညာရေးမှူးထံသို့ တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ နမ့်တောင်ကျေးရွာ အ.ထ.ကခွဲကျောင်းတွင် သြဂုတ်လ ၁ ရက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကချင်နှစ်ချင်းအသင်းတော်မှ အမှုဆောင်ဆရာဖြစ်သူ ဆရာဒွဲလာက အကုန်သိသတင်းဌာနသို့ အတည်ပြုဖြေကြားပေးခြင်းဖြစ်သည်။
“ကျောင်းသားတွေကမပြောဘူး။ တချို့လည်းငိုပြီးအိမ်ပြန်လာတယ်။ တချို့လည်းဒီအတိုင်းပဲ ဘာမှပြန်မပြောဘူး။ အခန်းထဲကကျောင်းသားတွေပြန်ပြောရာကနေတစ်ဆင့် သိရတော့ မိဘတွေက မကျေနပ်ဘူး။အဲဒါနဲ့ ကျွန်တော်တို့အသင်းတော်ကိုအကူအညီတောင်းတာနဲ့ လိုက်ပါဆောင်ရွက်ပေးတာပါ။ နောက်တစ်နေ့ကျတော့ အဲဒီလိုအသုတ်ခံရတဲ့ကလေးတွေရော ၊ မိဘတွေရော၊ ကျွန်တော်တို့ရော၊ ဆရာမရော၊ ကျောင်းအုပ်ကြီးရုံးခန်းမှာဆုံတွေ့တော့ ဆရာမက သူမသုတ်ပါဘူး။မလုပ်ပါဘူးပေါ့။ အဲဒီလိုလေသံမာနဲ့ ပြောတယ်။ နောက်မှ ခိုင်းခံရတဲ့ ကျောင်းသူ ၃ ယောက်က ဆရာမခိုင်းလို့သူတို့လုပ်ရပါတယ်ပြောတော့ အဲဒီအခါကျမှ ဆရာမကလေသံပျော့သွားပြီး နောက်မဖြစ်စေရပါဘူး။ အသံတောင်မကြားစေရပါဘူးဆိုပြီး ပြောတယ်။ ၀န်တော့မခံဘူး။ မတောင်းပန်ဘူး။ မိဘတွေကလည်းမကျေနပ်လို့ ဒီနေ့သြဂုတ်လ ၇ ရက်နေ့ပဲ မြို့နယ်ပညာရေးမှူးဆီကိုစာရေးတိုင်လိုက်ပါတယ်’’ ဟု ဆရာဒွဲလာက ပြောသည်။
အခြေခံပညာကျောင်းများရှိဆရာများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား လူ့ဂုဏ်သိက္ခာ ထိခိုက်စေသော ပြုမူပြောဆိုမှုများနှင့်အပြစ်ပေးခြင်းများမပြုလုပ်ရန်အပြင် ရိုက်နှက်ခြင်းများမပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက မှာကြားထားကြောင်း သိရသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနလက်အောက်၌ အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော်ရှိပြီး ဆရာ၊ ဆရာမပေါင်းသောင်းနှင့်ချီရှိကြောင်း သိရသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment