Monday, August 12, 2019

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မွန်၊ တနင်္သာရီအပါအဝင် ကမ်းရိုးတန်းဒေသများ၌ မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျက်ရှိပြီး မွန်၊ တနင်္သာရီအပါအဝင် ကမ်းရိုးတန်းဒေသများတွင် မိုးကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ်၏ ပြောကြားမှုအရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်မှုအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျက်ရှိကြောင်း သိရပြီး ယင်း၏ အရှိန်ကြောင့် မွန်၊ တနင်္သာရီဒေသများအပါအဝင် မြန်မာ့ကမ်းရိုးတန်းဒေသတစ်လျှောက်၌ မုတ်သုံလေ အားကောင်းသည့် အခြေအနေများကို ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ မုတ်သုံလေ အားကောင်းလာခြင်းများကြောင့် ကမ်းရိုးတန်းဒေများအပါအဝင် ဒေသအတော်တော်များများ၌ မိုးကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိနေသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရွာသွန်းခဲ့သည့် မိုးရေချိန်များထက်မူ လျော့နည်းသွားမည့် အခြေအနေများရှိကြောင်း သိရသည်။
“လေဖိအားနည်းရပ်ဝန်းကအားတော့ သိပ်မကောင်းပါဘူး။ မနက်ဖြန်လောက်ဆိုရင် အိန္ဒိယကို ဝင်သွားမယ်လို့ ခန့်မှန်းရတယ်။ ဒါပေမယ့် အဲဒီအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ မုတ်သုံလေ အားကောင်းလာနိုင်တယ်။ ပြီးတော့ မိုးကဆက်ပြီးကြီးနိုင်တယ်။ မိုးကြီးနိုင်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ သြဂုတ် ၈ ရက် ၉ရက် ၁၀ ရက်တုန်းကလိုမျိုး မိုးရေချိန် ဆယ်လက်မအထက်တော့ ရွာတာမျိုးတော့ မဖြစ်နိုင်လောက်ပါဘူး။ မိုးကြီးတယ်ဆိုတာက သုံးလက်မအထက်ရွာရင်ကို မိုးကြီးတယ်လို့ သတ်မှတ်တာကိုး။ အရင်ရက်တွေ လောက်တော့ မိုးရေချိန်များများ ရွာမှာတော့မဟုတ်ပါဘူး” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန်သည်။
သြဂုတ် ၁၁ရက်တွင် မိုးရွာသွန်းခဲ့ခြင်းများတွင် မှတ်သားဖွယ်ရာ မိုးရေချိန်များ အဖြစ် လပွတ္တာမြို့တွင် ၆ ဒသမ ၆၉ လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၄ ဒသမ ၆၁ လက်မ၊ မောင်တောမြို့တွင် ၄ ဒသမ ၀၉ လက်မ၊ မာန်အောင်မြို့တွင် ၃ ဒသမ ၆၆လက်မ၊ ဘားအံတွင် ၃ ဒသမ ၁၁ လက်မ၊ လှိုင်းဘွဲ့မြို့တွင် ၃ ဒသမ ၀၇ လက်မ၊ ကော့သောင်းမြို့တွင် ၃ ဒသမ ၀၃ လက်မ၊ ပိုင်ကျုံမြို့တွင် ၂ ဒသမ ၉၆ လက်မ၊ မြောင်းမြမြို့တွင် ၂ ဒသမ ၉၁ လက်မ၊ မြိတ်မြို့တွင် ၂ ဒသမ ၈၀ လက်မ၊ ပုသိမ်မြို့တွင် ၂ ဒသမ ၇၆ လက်မ၊ မအူပင်မြို့တွင် ၂ ဒသမ ၇၂လက်မ၊ မော်လမြိုင်မြို့တွင် ၂ ဒသမ ၆၈ လက်မ၊ စစ်တွေမြို့တွင် ၂ ဒသမ ၆၄ လက်မ၊ ဂွမြို့တွင် ၂ ဒသမ ၆၀ လက်မ၊ ဖျာပုံမြို့တွင် ၂ ဒသမ ၅၇ လက်မနှင့် ဆင်ဖြူကျွန်းမြို့၊ ဇောင်းတူမြို့နှင့် ချောင်းဆုံမြို့တို့တွင် ၂ ဒသမ ၄၈ လက်မစီရှိခဲ့သည်။     

Eleven Media Group         

0 comments:

Post a Comment