Thursday, August 8, 2019

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပုဂံဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက်နိုင်မည်ဖြစ်သဖြင့် ပုဂံညောင်ဦးလေဆိပ်အား အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် စီစဉ်

 ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသရှိ ပုဂံညောင်ဦးလေဆိပ်အား ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက်နိုင်မည်ဖြစ်သဖြင့် ပုဂံညောင်ဦးလေဆိပ်အား အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်သဖြင့် ပုဂံညောင်ဦးလေဆိပ်အား အကြီးစားမွမ်းမံပြင်ဆင်ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်ရန်ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုဂံညောင်ဦးလေဆိပ်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသနှင့် နီးကပ်စွာရှိနေသဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြုလုပ်နိုင်တော့မည်မဟုတ်သဖြင့် ပခုက္ကူလေဆိပ်အား အဆင့်မြှင့်တင်ရန် အစီအမံများ ကြိုတင်ရေးဆွဲထားရန် လိုအပ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဇူလိုင်၂၈ ရက်က မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးလေဆိပ်နှင့် မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူလေဆိပ်တို့အား သွားရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
ပုဂံဒေသအား မကြာခင်က ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီးဖြစ်သည်။ ယင်းသို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရ ခြင်းမရှိခင်ကပင် နိုင်ငံတကာတွင် ကျော်ကြားပြီး နိုင်ငံခြားသားခရီးသွားအများအပြား လာရောက်လည်ပတ်လေ့လာကြသည့် ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခု ဖြစ်လာသည့်အချိန်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်လည်ပတ်လေ့လာရန် ပိုမိုစိတ်ဝင်စားလာကြမည်ဖြစ်သည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်းများက တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် စိတ်ဝင်စားလာကြကြောင်း သိရသည်။
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပုဂံညောင်ဦးလေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေဆိပ်မဟုတ်သည့်အတွက် လတ်တလောတွင် အဆိုပါ ဘန်ကောက်-ပုဂံ  တိုက်ရိုက်ခရီးစဉ်အား ခွင့်မပြုနိုင်ဟု အကြောင်းပြန်ကြားထားကြောင်း သိရသည်။
“ညောင်ဦးလေဆိပ်က အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုမဟုတ်တဲ့ ပြည်တွင်းလေဆိပ်တစ်ခုဖြစ်တာကြောင့် Bangkok Airways လေကြောင်းလိုင်ရဲ့ ဘန်ကောက်ကနေ ပုဂံကို တိုက်ရိုက်ခရီးစဉ် ပျံသန်းခွင့် တောင်းခံခြင်းကို လတ်တလော ခွင့်မပြုနိုင်သေးပါဘူးလို့ အကြောင်းပြန်ထားပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment